တောင်တန်းပြာကြီးထက် ပိုချစ်တယ်


ကောင်းကင် အာကာပြင်တခုလုံး တိမ်မဲညိုတွေကင်းစင်ပြီး ကြယ်ပေါင်းခြံရံလို့ ကြယ်ညီလာခံ ကျင်းပနေတဲ့ ဖိုးလမင်းကြီးကို ငေးမောကြည့် ရင်း အတွေးနယ်ချဲ့ပြီး တွေးမိတွေးရာတွေကို လွမ်းဆွတ်တမ်းတမှုနဲ့အတူ သတိရခြင်းတွေရောပြီး ဒီလိုလေး ရေးမိရေးရာတွေကို စာမျက်နှာ တစ်ခုအဖြစ် ရေးချလိုက်မိတယ်…။

လွမ်းတယ်ချစ်သူရေ..ငယ်ငယ်က ကြားဖူးတဲ့သီချင်းတစ်ပုဒ်ပေါ့ အလွမ်းတွေကို ပန်းလေးတွေလိုသာ တစ်ပွင့်စီ ချွေပြီး စုထားလို့ရရင် လွမ်းရောင်သန်းနေတဲ့ ရှမ်းတောင်တန်းကြီးတွေက ပန်းတောင်တန်းကြီးတွေ ဖြစ်သွားမယ်ဆိုတာ အခုတော့တကယ်ပါပဲလား…။ ငယ်ငယ်က ကျောင်းသွားရင် တံတားမြင့်မြင့် တခုပေါ်ကနေ ဟိုး… အဝေးတနေရာက မပီဝိုးတဝါး မြင်နေရတဲ့ ရှမ်းတောင်တန်းပြာပြာကြီးတွေကို ငေးမောကြည့်ရင်း အတွေးနယ်ချဲ့ခဲ့ဘူးတယ်…။

ကျောင်းသွားရင်း ကျေးငှက်သာရကာတို့ ပျော်မြူးနေတဲ့ နံနက်ခင်းတိုင်းမှာ သာယာလှပတဲ့ ကုန်းမြင့်ထက်က တံတားတခုပေါ်ကနေ လှန်းကြည့်ရင် ရှမ်းတောင်တန်းပြာပြာကြီးတွေကို မြင်နိုင်တယ်လေ… အဲဒီအချိန်တုန်း ကတော့ ရင်ထဲမှာ အဖြူရောင်လေးပေါ့ ။ အခုတော့ တောင်တန်း ပြာပြာကြီးတွေကြောင့် စိတ်ကူးတွေ ယဉ်တတ်လာခဲ့ပြီ ၊ ရင်ထဲမှာ တမ်းတမှုတွေနဲ့အတူ အိပ်မက်တွေပါ ရောထွေးလို့ ဝင်ရောက်လာခဲ့ပြီလေ ။ တောင်တန်း ပြာပြာကြီးတွေရဲ့ ရင်ထဲမှာ ဘယ်လို လှပမှုမျိုးတွေ၊ သာယာအေးချမ်းမှုတွေ ၊ ကြည်နူးမှုတွေ ရှိနေနိုင်မလဲ ပြီးတော့ တစ်နေ့မှာ ငါဟာတောင်တန်း ပြာပြာကြီးတွေ့ရဲ့ ရင်ခွင်ဆီ အရောက်သွားနိုင်အောင် ကြိုးစားမယ်… လို့ တဒင်္ဂအတွေးများနဲ့ နေ့စဉ်ရက်ဆက် တမ်းတ အိပ်မက် မက်ရင်း ရာသီစက်ဝန်းတွေ အကြိမ်ကြိမ် လည်ပတ်ခဲ့ပြီ။

ပညာရေးအတန်းတစ်ခုကို ကျော်ဖြတ်ပြီးချိန်မှာပေါ့ စိတ်ကူး အိပ်မက်တွေ အကောင်ထည်ဖေါ်နိုင်ခဲ့ပြီလေ ပန်းမျိုးစုံနဲ့အတူ သဘာဝ အလှတရားတွေနဲ့ ဖန်ဆင်းထားတဲ့ တောင်တန်းပြာပြာကြီး တွေရဲ့ ချမ်းမြေ့တဲ့ရင်ခွင် မှာ ခိုလှုံခွင့်ရခဲ့ပြီ အိပ်မက်တွေ တကယ်ဖြစ်လာလို့ မျက်ရည်ဝိုင်းမိအောင် ဝမ်းသာမိတာ တကယ်ပဲပေါ့ ။ ဘာလို့လဲ ဆိုတော့ ငါက တောင်တန်းပြာပြာကြီးကို ငယ်ငယ်တည်းက စွဲစွဲလန်းလန်းနဲ့ ချစ်နေရသူပါ ၊ ရင်ထဲမှာ တိတ်တိတ်လေး တစ်ယောက်ထဲချစ်နေရသူမို့ စိတ်ကူးတွေနဲ့ပဲ ကျေနပ်နေခဲ့တဲ့သူပါ အဝေးတစ်နေရာက ချစ်နေခဲ့တုန်းကရော မင်းကိုသိပ်ချစ်ခဲ့တဲ့ ငါ့ကို သတိထားမိခဲ့လား။ ငါ့အချစ် ငါ့မေတ္တာတွေ ရောင်ပြန်ဟပ် လို့ တောင်တန်းပြာကြီးက ပေးခဲ့ တဲ့အေးချမ်းသာယာမှုတွေကို ငါရခဲ့ပါပြီလို့ ကျေနပ်နေခဲ့ပါတယ်လေ။ ငါချစ်ခဲ့သလို သူလဲ သိပ်ချစ်ခဲ့မှာပါပဲ..။

တောင်တန်းပြာကြီးရယ် ငါ မင်းကိုချစ်တဲ့အချစ်က ဖြူစင်ပါတယ်။ အဝေးကချစ်နေတဲ့အချိန်မှာ သောက အပူမီးတွေမရှိပဲ အေးချမ်းစွာ ချစ်ခဲ့မိတယ်။ အဝေးကမင်းကို ငါ့ရင်ခွင်ထဲ ဝင်လာခဲ့ပါလို့ ငါ တကိုယ်ကောင်း မဆန်ခဲ့ဘူး အတ္တမကြီးခဲ့ပါဘူး ။ မင်းရဲ့ခွင်ထဲကိုပဲ အရောက်လှန်းခဲ့ဖို့တမ်းတမိတယ် ။ ငါရောက်လာခဲ့စဉ်မှာရော မင်းကို မနာလို သဝန်တိုမှုတွေ မပါပဲ ချစ်ခဲ့မိတယ်။

တောင်တန်းပြာကြီးရဲ့ ရင်ခွင်မှာ ငါပျော်နေခဲ့တာ ခွဲခွာရမယ့်အချိန် ရောက်လာခဲ့တာတောင် သတိမထား မိလိုက်ဘူး ။ လောက သဘဝရဲ့ လောကဓံ တရားကြီးကိုမလွန်ဆန်နိုင်တော့ ဆုံပြီးရင်ကွဲရစမြဲမို့ ခွဲခွာဖို့အချိန်တန်ခဲ့ပြီ ။ တောင်တန်းပြာကြီးရေ ငါမင်းကို သိပ်ချစ်ခဲ့တယ် မင်းရင်ခွင်ကနေ ငါထွက်မသွားနိုင်ခဲ့ဘူး ငါမင်းနဲ့တွေ့မှ စိတ်ကူးတွေ ယဉ်တတ်ခဲ့တာပါ ။ စိတ်ကူးတွေယဉ်တတ်လာအောင် မင်းပဲ သင်ပေးခဲ့တယ် ၊ အိပ်မက်တွေ ဖြစ်လာအောင် ညစဉ်ရက်ဆက် မင်းပေးခဲ့တယ် ။ အခုခွဲရတော့မယ် ဆိုတာကို ငါသိနေပြီ  မင်း ငါ့ကိုမေ့ရက်နိုင်လို့လား ၊သစ္စာပဲမရှိတော့လို့လား တောင်တန်းပြာကြီးရယ်.. ငါ့ရင်မှာ ဆို့နင့်ကြေကွဲမှုနဲ့အတူ တိတ်တိတ်တစ်ယောက်ထဲ လွမ်းတတ်ခဲ့ပြီ အဲဒါ မင်းပေးခဲ့တဲ့ အလွမ်းတွေပဲပေါ့ ထားပါတော့လေ လောကဓံ တရားကြီးကိုပဲ အပြစ်ပုံချ လိုက်ပါပြီ…။

တောင်တန်းပြာကြီးရေ မင်းကိုအဝေးက မြင်နေစဉ်မှာ ငါတမ်းတမိတာ မင်းသိမှ သိပါလေစ ၊ မင်းရင်ခွင်ထဲကို ငါရောက်လာတာကိုရော မင်းသိမှသိပါလေစ …၊ အလွမ်းတွေနဲ့အတူ တိတ်တိတ်လေး နှုတ်ဆက် ထွက်ခွာ သွားတာကိုရော မင်းသိမှသိပါလေစ တောင်တန်းပြာကြီးရယ်…။ ဒါပေမယ့် ဖြူစင်နေတဲ့ ငါ့နှလုံးသာဟာ မင်းနဲ့တွေ့မှ စိတ်ကူးယဉ်တတ်လာခဲ့ပြီ ၊ ငါချစ်တတ်လာခဲ့ပြီ ၊ လွမ်းတတ်ခဲ့ပြီ ၊နှလုံးသားမှာလဲ အရောင်မျိုးစုံ စွန်းထင်းခဲ့ပါပြီ …  အလွမ်းတွေနဲ့ နှလုံးသား ဝေဒနာရှင်အလား..။

ငါ့ဘဝအတွက် အရောင်မျိုးစုံ စွန်းထင်းခဲ့တဲ့ နှလုံးသားတစ်စုံကို အချိန် ဆိုတဲ့ သမားတော်က အစားထိုးကုသ နိုင်ခဲ့ပါပြီ သူလေးကတော့ တောင်တန်းပြာကြီးနဲ့ တူတဲ့ ချစ်သူလေးပါ။ တောင်တန်းပြာကြီးနဲ့ ထပ်တူမက တဲ့ အေးချမ်းမှု၊ သာယာပျော်ရွှင်ငြိမ်းချမ်းမှု၊ စေတနာ ၊ မေတ္တာ အကြင်နာတွေ ဘဝတစ်သက်တာမျှ မက ရရှိခဲ့ပါပြီ ။

မွန်ကိုချစ်တယ် တောင်တန်းပြာကြီးတွေကို ချစ်ခဲ့သလိုပဲ အဝေးမှာရှိတဲ့အချိန် ငေးမောတမ်းတရင်း လွမ်းတယ်၊ အနီးမှာ(အတူတူ) ရှိနေတဲ့အချိန် သာယာချမ်းမြေ့မှုတွေကို မျက်လုံး စုံမှိတ်ပြီး ခံစားချင်တယ်..။ ခွဲခွာရလို့ လွမ်းတဲ့အခါတိုင်း ငါ့ရင်ခွင်ဆီ အရောက်လှန်းခဲ့ပါလို့ အတ္တမကြီးခဲ့သလို မင်းရင်ခွင်ဆီ အရောက်လှန်းခဲ့ဖို့ ပဲ စိတ်ထဲရှိနေတာပါ ။ အချိန်တန်လို့ တောင်တန်းပြာကြီးနဲ့ ဝေးခဲ့ရသလို ခွဲရမယ်ဆိုလည်း ဆို့နင့် ကြေကွဲမှုတွေ ရင်မှာပိုက်လို့ တိတ်တိတ်းလေး လှည့်ပြန်ခဲ့အုံးမှာပါ…မှတ်ချက် -- တောင်တန်းပြာကြီးထက် ပိုချစ်တယ်။


အချိန်=Time (တရုတ်သမားတော်မဟုတ်ပါ :P)

No comments:

Post a Comment