ဘကြီးအောင် ညာတယ်


“အရှေ့ကျောင်းသား သူတောင်းစား။ လည်ပေါ်ကျောင်းသား အကောင်းစား၊ ကျောက်မီးသွေးမို့ မဲသကို၊ တို့ကျောင်းသားမို့ ရဲသကို၊ ဟေ့လာမောင်ရို့ဝါး” ဟု အားရပါးရ ဆူညံစွာ အော်ဟစ်ပြေးလွှားလာကြသော ကလေးတစုသည်ကား လည်ပေါ်ဘုန်းကြီး ကျောင်းသားကလေးများ ဖြစ်ကြ၏။ ၎င်းတို့ ကျောဖက် တင်းချ လယ်တကွက်လောက် အကွာတွင် ချည်လုံချည်ကို ပျာတာကွင်းသိုင်းလျက် သင်တိုင်း အင်္ကျီကို ရော့ရိရော့ရဲ ဝတ်လျက် ခေါင်းငိုက်စိုက်နှင့် တလှမ်းချင်း လာနေသော မောင်ချစ်သည် “ဧဝံမေသုတံ ဧကံ သမယံ” ဟု တတွတ်တွတ်ရွတ်လျက်ရှိ၏။ ဆေးတအိုး ကျွမ်းလောက်အကြာတွင် အရှေ့သို့ လှမ်းကြည့်လိုက်ရာ ပန်းပုဆရာကြီး ဦးအောင်ချာ၏ ကနဖျင်းတဲ၌ ကျောင်းသား သူငယ်ချင်းများ ဝိုင်းအုံနေသည်ကို တွေ့ရလေ၏။ မိမိသည်လည်း အကြောင်းကို သိလိုသောကြောင့် ပြေးသွား တိုးဝင် ကြည့်ရှုလေ၏။ 

 
ဦးအောင်ချာသည် ဆင်စွယ် မင်းသမီးရုပ်ကလေးတခုကို ထုလျက်ရှိ၏။ ထုလုပ်စဖြစ်၍ ရုပ်လုံးပေါ်မျှပင် ရှိသေးသော်လည်း အရုပ်ကလေးမှာ နွဲ့နောင်းဖြူဖွေး ချစ်စရာကလေး ဖြစ်ပေ၏။ အတန်ကြာသောအခါ မောင်ထွေး၊ မောင်ခွေး၊ ဘိုးစ၊ ဘိုးလှတို့ တစု ထ ပြန်သွားလေ၏။ မောင်ချစ်ကား မြေကြီးပေါ်တွင် ဒူးထောက်၍ ကွပ်ပျစ် ခါးပန်းတွင် မေးတင်ပြီးလျှင် အငေးသား ကြည့်လျက်ပင် ရှိသေး၏။
“ဘကြီးအောင် ဒီမင်းသမီးရုပ်ကလေးကို ဘယ်သူ့ပေးဖို့ ထုနေတာလဲဟင်” ဟု
မျက်စိကလေး ပေကလပ်လုပ်၍ မေးလေ၏။
ဆောက်ပုတ်နှင့် ဆောက်ကလေးကို အသာချ၍ ဆောက်ပုံးထဲတွင် ဆေးလိပ်တို စမ်းနေသော ဦးအောင်ချာက “ငါ့တူ လိုချင်လို့လား။ ငွေတကျပ်ယူခဲ့ယင် ဘကြီးပေးမယ် သိလား” ဟု အမှတ်မဲ့ ပြောလိုက်သောအခါ မျက်မှောက်ကြုတ်ရင်း ခေါင်းကုတ်လျက်
“ငွေတကျပ်ဆိုတာ ဘယ်နှပြားလဲ ဘကြီးအောင်ရဲ့” ဟု မေးပြန်လေ၏။
ပန်းပုဆရားကြီးကလည်း ဆေးလိပ်ကိုချကာ လက်ဝါးနှစ်ဖက်ကို ထောင်ပြလျက် “ဆယ်ပြား ဆယ်ပြား ခြောက်ခါ၊ နောက်ပြီးတော့ လေးပြားတဲ့။ ပေါင်း ခြောက်ဆယ်နဲ့လေးပြား၊ အဲသလောက်ကို တကျပ်ခေါ်တယ်၊ ကြားလား” ဟု ကလေးသူငယ်များကို ချစ်ခင်သော ဝါသနာ ရှိသည့်အတိုင်း စိတ်ရှည် လက်ရှည် ခြေဟန် လက်ဟန်နှင့် ရှင်းလင်း ပြောပြလေ၏။
“ခြောက်ဆယ့်လေးပြား ပေးယင် ကျွန်တော် ဒီအရုပ်ကလေးကို တကယ်ပဲ ရမလား။ နောက်တော့ မညာနဲ့နော် ဘကြီးအောင်” ဟု ပြောရင်း ယောင်ဆံမြိတ်ကလေးကို ချာချာလည်အောင် ပတ်ရစ်လျက် အိမ်ရှိရာသို့ ရွှင်လန်း ဝမ်းမြောက်စွာ ခုန်ပေါက်ပြေးလွှား သွားလေ၏။
မောင်ချစ်သည် နေ့လယ်ချိန် ကျောင်းတွင် မုံ့ဝယ်စားဖို့ရန် မိခင်ပေးလိုက်သော တပြား တပြားသော အသပြာကို မသုံးရက် မစွဲရက်ပဲ အင်္ကျီသင်ပုန်းခေါင်းတွင် အပေါက်ငယ်ဖောက်၍ စုထားသည်မှာ ခြောက်ပြားမျှ ရလေ၏။ တထွာမျှကျယ်သော မိမိဝမ်းခေါင်း သမဒ္ဒရာအတွက်မှုကား နေ့ဆွမ်းစား ကုလားတက်ခေါက်တွင် ဘုန်တော်ကြီး ဦးခေမာဝေသော ငှက်ပျောသီးတလုံးနှင့် ကျေနပ်ဖူလုံလျက် ရှိလေ၏။
ဆင်စွယ်ရုပ်ကလေးသည် တနေ့တခြား သားနားကြော့ရှင်း၍လာ၏။ သွားကလေးများ ပေါ်လုမတတ်ရှိအောင် ပြုံးလိုက်ရန် ဟန်ပြင်နေသောအသွင်သည် အိပ်ပျော်နေသော ည အချိန်တွင်ပင်လည်း မောင်ချစ်မျက်လုံးတွင်းမှမထွက်။ ကြည့်ရဖန်များလေ အရုပ်ကလေးများမှာ လှလာလေ လိုချင်စိတ် ပွားလာလေ ဖြစ်ရကား တနေ့မှ တပြားတပြားစုရသည်ကို အလွန်ဖင့်နှေး ကြန့်ကြာသည်ဟု သိလာလေ၏။ ပိုက်ဆံလိုချင်လွန်း၍ ဥပုသ်နေ့များကိုပင် စာသင်ရက် ဖြစ်ပါစေတော့ဟု ဆုတောင်းမိ၏။ တပေါက်တလမ်းက ဘယ်နည်းနှင့် ပိုက်ဆံရအောင် ကြိုးစားရပါမည်နည်းဟု ကြံစည်ပြန်၏။
ထိုစဉ်အခါက ကမ္ဘာစစ်ကြီးအတွင်းဖြစ်၍ ကျောက်တံအလွန်ရှား၏။ မောင်ချစ်သည် အစ်ကိုကြီး ကိုသစ်၏ ကျောက်သင်ပုန်းကွဲများကို ညောင်ရေအိုးစဉ်မှယူ၍ ညဥ့်နက်သန်းခေါင် မရှောင် မှိုင်းတလူလူ ထွက်နေသော ရေနံဆီမီးခွက်ကြီးကို ထွန်းညှိလျက် ချွန်ထက်သော ဖဲထီး သံချောင်းဖြင့် ကျောက်တံတိုက်လေ၏။ ကျောက်တံရောင်း၍ ပိုက်ဆံခြောက်ပြားရ၏။ ကျောင်းသားဘကြီး ဖိုးတေက အနိုင်ကျင့်၍ မပေးပဲထားသော အကြွေးတပြားအတွက် တွေးမိတိုင်း ဆွေးမိ၏။
တဆယ့်နှစ်ပြားမျှ ရလာသောအခါ အင်္ကျီသင်ပုန်းခေါင်းမှာ မဆံ့တော့ပြီဖြစ်၍ နှစ်ဖက်ပိတ် ကြသောင်းဝါး တဆစ်တွင် ထိပ်ကအပေါက်ဖောက်ကာ ဝေလာခေါင်း ဂျော့ခေါင်း နတ်ဖိုးချွန်း စသော တံဆိပ်အမျိုးမျိုး ခတ်နှိပ်သည့် ကြေးပြား ၁၂-ပြားတိတိကို သွင်းလှောင် သိုမှီးထားလေ၏။ နှစ်ဆန်းတရက်နေ့က ဒွေးလေးညို ချစ်စနိုး၍ပေးသည့် သူငယ်ဖော် မောင်ထွေးက အလိုက်နှစ်ပြားပေး၍ လဲစဉ်က မလဲရက်ပဲ တွယ်တာခဲ့သည့် ထုံးအမှတ်နှင့် ဒေါင်းပိုက်ဆံကလေးကိုလည်း ဖျာအောက်မှ ထုတ်ယူ၍ ကြေးပြားအဖော်များရှိရာ ကြေးတိုက်တွင်းသို့ သွတ်သွင်းလိုက်လေ၏။ ကြေးပြားအရေအတွက်ကိုလည်း ဝါးကျောတွင် စူးဖြင့်ခြစ်၍ မှတ်ထားလေ၏။ “ပဲဟင်းချက်တဲ့ နေ့က တပြား၊ ဘကြီးထူးကျွဲပျောက်တဲ့နေ့က တပြား” စသည်ဖြင့် လက်ချောင်းကလေးများကို ချိုးကာချိုးကာ ပိုက်ဆံစာရင်း တွက်ရ စစ်ရသည်မှာ နေစဉ်နှင့်အမျှဖြစ်၏။ ရေတံလျှောက်ထဲမှာ ထားရလျှင်ကောင်းနိုးနိုး သင်္ဘောကြမ်းပေါ်မှာ ဝှက်ရလျှင် လုံနိုးနိုးနှင့် ပိုက်ဆံဗူးနေရာ ကျတ်ပြောင်းရသည်မှာလည်း အမောပင် ဖြစ်၏။ အရုပ်ကလေးကို ရလျှင် ထည့်ထားဖို့ရန် ထန်းရွက် ဖာချောကလေးကို အမျိုးမျိုးပြုပြင် ဆင်ယင် မွမ်းမံရသည်မှာလည်း မအားပင် ဖြစ်လေ၏။
ဈေးသည် ဒေါ်ခါဥ၏ တောင်းနီထဲ၌ အငွေ့တထောင်းထောင်းနှင့် ကောက်ဦး ငချိပ်ပေါင်းကို မြင်ရသောအခါ သွားရည်ယိုမိ၏။ သို့ပါသော်လည်း ဝယ်မှရသော သရေစာတို့ကို သပိတ်မှောက်လေ၏။ သူငယ်ဖော်တို့ ဖန်ဒိုးဝယ်၍ ဂေါ်လီရိုက်သောအခါ ကလေးတို့ဘာဝ အများနည်းတူ ကစားလိုပါသော်လည်း မိမိတွင် ရှိရင်းစွဲ စည်ပတ်သံခွေ အဟောင်းကြီးကို ကျောင်းဝိုင်းပတ်လည်တွင် လှည့်ပတ်ရိုက်လျက် တယောက်ထီးတည်း ကျေနပ်တင်းတိမ် ရလေတော့၏။ သို့ဖြင့် တပြားတိုးလျှင် တမျိုးဝမ်းသာလျက် စုဆောင်းလာခဲ့ရာ ပိုက်ဆံ ၃၄ ပြား ပိုက်မိသောနေ့သို့ ရောက်လာလေသတည်း။
ညနေ ၄ နာရီ ကျောင်းလွှတ်ခေါင်းလောင်းသံသည် မောင်ချစ်၏ နှလုံးသွေးကို နှိုးဆွလိုက်လေ၏။ ဘုရားရှိခိုးဆုံးခါးနီး “အာမ”ဟု ဆိုမိလျှင်ပင် “ဘန္တေ”ကို မစောင့်နိုင်ပဲ ထ၍ပြေးလေရာ အစောင့်ကိုရင်ကြီးတပါးက အလျင်လိုရကောင်းမလားဟူ၍ ထိပ်ကို ဂေါင်ဂေါင်မြည်အောင် ခေါက်လိုက်၏။ အမှုမထားမိ။ လမ်းတွင် ခလုတ်တိုက်၍ ခြေမ, ကွဲသွားသော်လည်း နာရမှန်းမသိ။ ဦးအောင်ချာ့ ကနဖျင်းနား ရောက်သောအခါ အတင်းတိုးဝင် သွားလေ၏။ ဖော့ဦးထုပ်ကိုဆောင်း ဘောင်းဘီအပြာကို ဝတ်လျက် ကွပ်ပျစ်ထက်တွင် အခန့်သားထိုင်ရင်း မင်းသမီးရုပ်ကလေးကို ဘယ်ပြန်ညာပြန် ပယ်ပယ်နယ်နယ် ကိုင်တွယ်ကြည့်ရှုနေသော လူကြီးတယောက်ကို မြင်မှသာ ကိုယ်ရှိန်သတ်၍ ပြောနေကြသော စကားကြားမိလေတော့၏။
“ဘယ့်နဲ့လဲ ဆရာကြီးရဲ့၊ ကျူပ်ပြောတဲ့အဖိုးနဲ့ပဲ ပေးလိုက်မယ်မဟုတ်လား၊ ခင်ဗျားတို့အရပ်မှာ ဒီအရုပ်ကလေးနဲ့တန်တဲ့အိမ် တအိမ်မှမရှိပါဘူး၊ ဝယ်နိုင်မဲ့လူလဲ ရှိမှာမဟုတ်ပါဘူး။”
“မှန်ပါ။ ဝန်ထောက်မင်းဖို့ ဆိုယင်တော့ အလကားတောင်းလဲ ပေးရမှာပါပဲ။ နို့ပေမဲ့ အချောသတ် အမွှမ်းတင်ဖို့ လေးငါးရက်လောက် ဆိုင်းစေချင်ပါတယ်။ ပြီးယင်ပြီးချင်း ဝန်ထောက်မင်းတို့ဆီကို လာပြီးပို့ပါမယ်”
ထိုမျှကို ကြားရလျှင်ပင် မောင်ချစ်၏အသည်းနှလုံး အူသိမ်အူမတို့သည် ကြွေကျမတတ် ဖြစ်လေ၏။ အရုပ်ကလေးကို အတင်းလု၍ ပြေးလိုသော စိတ်ပေါ်လာသော်လည်း ဝန်ထောက်မင်းဟု ကြားရရုံမျှနှင့်ပင် ရင် ဒူးတုန်နေရသော မောင်ချစ်မှာ အဘယ်သို့ ဝံ့ရဲပါအံ့နည်း။ ခါးကြားက ခြောက်လုံးပြူးသေနတ်သည်လည်း မောင်ချစ်၏အကြံကို သိသည့်အလား မောင်ချစ်ဆီသို့ စိမ်းစိမ်းလှည့်၍ ခြောက်လှန့် မောင်းနှင်လေ၏။ ဝဲလာသောမျက်ရည်ကို အနိုင်နိုင်ထိန်း၍ မိမိဖက်သို့ ကျောခိုင်းနေသော ဆင်စွယ်ဒေဝီ ကလေးကို နောက်ဆုံးကြည့် ကြည့်လျက်ထွက်လာလေ၏။ လမ်းကြားငယ် တခုအတွင်းမှ “ဟိုကောင်ကလေးညိုတိုတို တို့ကိုကြိုက်လို့ငို၊ နင်ငိုပေမယ့်အလကား တို့အမေက မပေးစား” ဟု ထွက်ပေါ်လာသော တေးသံသည် တေးဆိုသူအား နှလုံးပွားဖွယ်ပင် ဖြစ်သော်လည်း မောင်ချစ်၏ နှလုံးသားကိုကား ဓားပါးနှင့် မွှန်းလိုက်လေတော့သတည်း။
၁၅-ရက်မျှ ကြာသောအခါ ခေါင်းထက်တွင် တဘက်ကိုယ်စီတင်ထားသော မိန်းမကြီးတစုနှင့် ယောက်ျားကြီးတယောက်တို့ မောင်ချစ်တို့၏ ခြောက်သွေ့သော ခြံကလေးအတွင်းသို့ ဝင်သွားသည်ကို မြင်ရပါသည်။ အိမ်ရှေ့ခွေးကတက်ကို တက်မိလျှင်ပင် တိုင်ဖုံးနား၌ မျက်ရည်စက်လက် ဦးဆံဖားလျားနှင့် ထိုင်နေသော မိန်းမ တဦးသည် ယောက်ျားကြီး၏ ခြေစုံကို ပြေးဖက်လျက် “အမယ်လေး ကိုရင်အောင်ရဲ့ မောင်ချစ်ဖြစ်ပျက်ပုံ တွေ့မြင်ဝံ့သေးရဲ့လားရှင်၊ မောင်ချစ်ရေ အမေ့သားကြီးရဲ့၊ အမေလိုက်ခဲ့မယ်ကွဲ့နော်၊ ဟီး ဟီး” ဟုဟစ်အော် ပြောဆို ငိုကြွေး မြည်တမ်းလေ၏။ ဦးအောင်ချာလည်း မောင်ချစ်အလောင်းနားတွင် မလှုပ်မရှက်ထိုင်နေသော မောင်ချစ်ဖခင်အား “ဘယ့်နဲ့ဖြစ်ရတာလဲ မောင်ဖိုးငွေရဲ့၊ ကိုရင်လဲ မြို့တက်သွားတာ ဆယ်လေးငါးရက် ကြာသွားလို့ ဘာသတင်းမှ မကြားမိဘူး။ အခု ပြန်ရောက်ရောက်ချင်းပဲ အိမ်မှာတောင် ထိုင်တောင် မထိုင်ခဲ့ပဲ ပြေးလာခဲ့တာပဲကွဲ့” ဟု ပြောလေ၏။
“ကိုရင်ရယ် ဘာရောဂါရယ်လို့လဲ မပြောတတ်ပါဘူး။ တမှိုင်မှိုင် တတွေတွေနဲ့ ထမင်းမစား ဟင်းမစား၊ တခါတလေ သူ့အမေကျွေးလို့ ဆန်ပြုတ်ကလေး တဇွန်းလောက်ဝင်သွားပေမဲ့ ချက်ချင်း အန်ပစ်လိုက်တာပဲ။ ပယောဂဆိုလို့ ဆရာသြ ခေါ်ပြပါလဲ ဘာမ မထူးခြားပါဘူး။ ကလေးကို ညှင်းဆဲသလိုသာ ဖြစ်နေတာပဲ။ မေးလို့လဲ မပြောဘူး။ မနေ့ညကတော့ သူ့အမေကို ခေါ်ပြီး သူစုထားတဲ့ ပိုက်ဆံ ငါးမူးနှစ်ပြားကို သူ့ဆရာတော်ကို လှူလိုက်ပါလို့ မှာပြီးတော့ ကိုရင်အောင်ကို မေးတာပဲ။ မြို့သွားတယ်လို့ ပြောတော့ အတန်ကြာကြာ ဘာမှမပြောပဲ မောနေပြီး “ဘကြီးအောင်ညာတယ်” လို့ မပီတပီပြောရင်း အသက်ပျောက်သွားတာပဲ” ဟု ပြော၍ လုံချီစဖြင့် မျက်ရည်သုတ်လေ၏။ ဦးအောင်ချာလည်း စဉ်းစား၍ အကြောင်းရင်းကို ရိပ်မိသောအခါ မျက်နှာညှိုးငယ်၍ သွားလေတော့သတည်း။
ယခုအခါတွင်ကား ရွာကလေး အနောက်ဖက် နွားစားကျက်အနီး ထိမ်ပင်ကြီးတောင်ယွန်းရှိ သင်းချိုင်းကုန်းထက်တွင် ထီးတည်းသော အုတ်ဂူကလေး တခုကို တွေ့နိုင်ပါသည်။ “အချစ်ဂူ” ဟူ၍၎င်း “မောင်ချစ်ဂှု” ဟူ၍၎င်း အမည်နှစ်မျိုးဖြင့် ခေါ်ကြရာ မည်သည်ကို အမှန်ဟူ၍ မပြောနိုင်ပါ။ ဂူကလေး၏ အရှေ့မျက်နှာ လိုဏ်ပေါက်ကလေးထဲတွင် ကျွဲကျောင်းသား နွားကျောင်းသား တို့၏ လက်ချက်ကြောင့် ကျိုးပဲ့ပျက်စီးနေသော အရုပ်ကလေး တစုံကို တွေ့နိုင်ပါသေးသည်။ လိုဏ်ဝ အင်္ဂတေတွင် သွင်းနှံထားသော ကျောက်ပြားငယ်ထက်တွင်ကား “လို၍မရသော ဆင်းရဲ” ဟု စာတမ်းထိုးထားပါသည်။ ကျွန်တော်၏ ဘိုးအေအား မေးမြန်းကြည့်ရာ ၃-နှစ်လောက်က ပျံတော်မူသွားသော တောထွက်ကြီး ဦးဣ၏ လက်ရာဖြစ်သည်ဟု သာမန်မျှသာ သိရပါသတည်း။

၁၉၃၁ ခု၊ မတ်လ - မင်းသုဝဏ်

No comments:

Post a Comment