ချယ်ရီမြေက အမေ့အိမ်

မိုးတွေရွာရင်တော့လေ လွမ်းမျက်ရည်လည် ဆိုတဲ့ သီချင်းလေးကိုတော့ ကြားဖူးပါရဲ့ ဒီနေ့ မိုးတွေရွာလို့ အင်တာနက်တွေ ပျက်တွေနေတဲ့အချိန် မျက်ရည်လည်တာလား ၊ အောက်မေ့တမ်းတ နေတာလား ဒါမှမဟုတ်ရင်တော့ လွမ်းဆွတ်သတိရနေတာပဲပေါ့ ... အခုဆိုရင် သားက အမေနဲ့ခွဲပြီး အဝေးတနေရာကို ရောက်နေလေတော့ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က အမေနဲ့ သုံးနှစ်တာ အတူတူနေစဉ်တုန်းက အကြောင်းတွေ ပြန်စဉ်းစားမိတယ်။ မိုးတွေရွာတဲ့တစ်နေ့မှာပေါ့ အမေ့အိမ်ကို လာရာလမ်းတစ်လျှောက်မှာ တောင်တက်လမ်းတွေဆိုတော့ အလုံပိတ်ထားတဲ့ ကားငယ်လေးဟာ ငယ်သံပါအောင် အော်ဟစ် ရုန်းကန်ရင်း အမေ့အိမ်ရဲ့ တံခါးပေါက်ဝသို့ အရောက်ပို့ပေးခဲ့ပါတယ်။ အမေ့အိမ်ရှေ့မှာ ခြေချခွင့် ရတာာနဲ့ပဲ... ပတ်ဝန်းကျင်တစ်ခုလုံးမှာ နဂိုက အေးရသည်အထဲ မိုးစဲလေတို့ တိုက်ခတ်မှုနှင့်အတူ တောင်အောက် ချိုင့်ဝှမ်းဆီမှ ဝေ့တက်လာသော နှင်းမြူဖြူဖြူတို့က လွှမ်းခြုံထားလေသောအခါ လေထဲမှာ နှင်းမှုန်တို့ ဝေသီလျှက် နေခြည်သည် မတိုးဝံ့စွာ အလင်းမဲ့ ဂုဏ်ငယ်ရှာလေသည်။
သားတို့ကို ကိုယ်ကျင့်တရားကောင်းမွန်ပြီး စည်းကမ်းရှိ ၊ တာဝန်သိတဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးဖို့က အမေ့ရည်ရွယ်ချက် ဖြစ်ကြောင်း အဲဒီတုန်းက အမေ ပြောပြခဲ့တယ်။ ခေါင်းဆောင်ကောင်း ဆိုတာ မိမိခေါင်းဆောင်ရတဲ့ အဖွဲ့အစည်းကို အမြဲ စည်းလုံးညီညွတ်မှု ရှိနေအောင် တည်ဆောက်နိုင်စွမ်းရှိရမယ်။ အခွင့်အရေးနဲ့ယှဉ်လာရင် မိမိက အမြဲ အနစ်နာခံတတ်ရမယ်။ ကွပ်ကဲမှုနဲ့ ကြီးကြပ်မှုကောင်းရမယ် ။ ဗဟုသုတ ကြွယ်ဝပြီး ထိုးထွင်းကြံဆ လုပ်ကိုင်တတ်ရမယ်။ တပ်မှူးကောင်း စိတ်ဓာတ်နဲ့ မိဘသဖွယ် စိတ်ဓာတ် ရှိရမယ် ။ သတ္တိ ဗျတ္တိရှိရမယ် စတဲ့အချက်တွေဟာ ခေါင်းဆောင် ကောင်းတွေမှာရှိရမယ့် အင်္ဂါရပ်တွေပဲ လို့ အမေရှင်းပြခဲ့တယ် ။
ဒါအပြင် အမေဟာ သားတို့အတွက် လိုအပ်တဲ့ စစ်ပညာ ၊ စာပေပညာတွေကိုလည်း သင်ကြားပေးခဲ့တယ်။ စစ်ပညာသင်ကြားစဉ်က  အနာဂါတ်မှာ ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်လာစေဖို့ အမာခံ စိတ်ဓာတ်နဲ့ စည်းကမ်းရှိဖို့ ၊ အတွေ့အကြုံ ရင့်ကျက်လာတာနဲ့အမျှ အဆင့်မြင့်တဲ့ စစ်ပညာများကို တိုးတက်လေ့ကျင့် နိုင်ဖို့ အခြေခံ သင်ကြားပေးလိုက်တယ်။ စာပေပညာ သင်ကြားရာမှာလည်း တက္ကသိုလ်ပညာရပ်များကို အဆင့်မှီစွာ တတ်ကျွမ်းသိရှိစေဖို့ ၊ စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင် ဆိုတဲ့ မြင်၎မြင် ရှိရုံသာမက ယုံကြည်ချက်နဲ့ ခံယူချက်ပါရှိပြီး အနာဂတ်မှာ အဆင့်မြင့်တဲ့ တက္ကသိုလ် ပညာရပ်တွေကို ဆက်လက်လေ့လာနိုင်ဖို့ သင်ပေးခဲ့တယ်။ အမေ့ရဲ့ သစ္စာ၊ သိပ္ပ၊ သူရ ဆိုတဲ့ဆောင်ပုဒ်နဲ့ အညီ နောင်တစ်ချိန်မှာ နိုင်ငံတာဝန်ကို အားသွန်ခွန်စိုက် ထမ်းဆောင်နိုင်စေဖို့အတွက် သားတို့ ဇွဲ၊  စိတ်ဓာတ် အပြည့်နဲ့ သုံးနှစ်လုံးလုံး အပတ်တကုတ် ကြိုးစားခဲ့ရတယ်။ ကြိုးစားတဲ့ သားအတွက် B.Sc ဘွဲ့ နဲ့ သားကို အမေ အသိမှတ်ပြုခဲ့တယ်။ ဒါ့အပြင် အရည်အချင်းစစ်သင်တန်း တက်ရန် အဆင့်မှီသည် ဆိုပြီး အမေက ထပ်ဆင့်ဂုဏ်ပြုခဲ့သေးတယ်။
အမေ့အိမ်မှာ သုံးနှစ်တာ ခိုလှုံခဲ့ပြီးတော့ အမေသင်ပေးခဲ့တဲ့ ပညာတွေနဲ့ နိုင်ငံတော်ရဲ့ ကျေးဇူးကို တစ်စိတ် တစ်ဒေသ ဆပ်နိုင်ဖို့ အမေနဲ့ ခေတ္တခွဲခွာခဲ့ရတယ် ။ သားတာဝန်ကျတဲ့ တပ်မှာ တပ်စုမှူး တာဝန်ယူပြီး တပ်ရဲ့ အရေးကိစ္စတွေကို ဆောင်ရွက်တဲ့ အခါမှာလည်း စနစ်တကျနဲ့ ကျွမ်းကျင်စွာ အုပ်ချုပ်လုပ်ဆောင် နိုင်ခဲ့တယ်။ သားတို့ကို စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိက လေ့ကျင့်ရန် ၊ စစ်တိုက်ရန်နှင့် လေ့ကျင့်ရန် မရှိက ပြည်သူ အကျိုးပြုလုပ်ငန်း လုပ်ဆောင်ရန်လို့ နိုင်ငံတော် အကြီးကဲများက လမ်းညွှန်သည့် အတိုင်း တပ်မှာ လေ့ကျင့်မှုတွေ လုပ်နိုင်ခဲ့သလို ပြည်သူတွေနဲ့ တသားတည်းဖြစ်အောင် ပြည့်သူ့အကျိုးပြု လုပ်ငန်းတွေကို  လည်း လုပ်ဆောင်နိုင်ခဲ့တယ်။  တပ်တွင်းသက်သာ ချောင်ချိရေး အတွက်လည်း စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းတွေမှာ တပ်မိသားစုတွေနဲ့ အတူ ပါဝင်လုပ်ဆောင်နိုင်ခဲ့တယ်။ ဒီလိုနိုင်ငံတာဝန်တွေ ထမ်းဆောင် နေတုန်းမှာပဲ သားကို နိုင်ငံခြားပညာတော်သင် ရွေးချယ်ခဲ့တဲ့အတွက် အမေ့အိမ်ကို သားနောက်တစ်ခေါက် ပြန်လည် ခိုဝင်နားခဲ့ရပြန်တယ်။
အမေ့ရဲ့ စည်းကမ်းကျနမှု ၊ ထိန်းသိမ်းနိုင်မှု  အုပ်ချုပ်နိုင်မှုတို့ကို နိုင်ငံတော်အကြီးအကဲတွေက အားကိုး ယုံကြည်လို့ ၂၀၀၃ ခုနှစ်မှာ နိုင်ငံခြား ဘသာစကား သင်တန်းတခုကို လက်ခံဖွင့်လှစ်ဖို့ အမေ့လက်ထဲ အပ်ခဲ့ပြန်တယ်။ ပြည်ပ နည်းပြ ဆရာ ဆရာမတွေကို နိုင်ငံတော်က ဖိတ်ခေါ်သင်ကြားပေးတာ ဆိုပေမယ့် လိုအပ်တဲ့ အုပ်ချုပ်မှု ၊ ထောက်ပံ့မှု ၊ သင်ကြားမှုတာဝန်တွေကို အမေကပဲ တာဝန်ယူဆောင်ရွက်ပေးနိုင်လို့ အမေ့ရဲ့ သမိုင်းမှာ မှတ်တမ်းတင်ခဲ့ရတယ်။  အမေရဲ့ ရည်ရွယ်ချက်အတိုင်း ဗိုလ်လောင်းတွေကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ရုံသာမက ဘွဲ့လွန်သင်တန်းတွေ ၊ နိုင်ငံခြားဘာသာစကား သင်တန်းတွေကို ပါ အောင်မြင်စွာ ဖွင့်လှစ် ဆောင်ရွက်ပေးနိုင်ခဲ့တာဟာ တပ်မတော်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ “အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီတပ်မတော် တည်ဆောက်ရေးလုပ်ငန်း”တွေမှာ အမေဟာ အုပ်တစ်ချပ် ၊ သဲတစ်ပွင့်ပမာ ထမ်းဆောင်နေတာပါလားလို့ တွေးပြီး အမေ့အတွက် ဂုဏ်ယူမိတယ်။
အမေက သားတို့ပြည်ပမှာ မျက်နှာမငယ်ရအောင် ဘာသာစကား ကျွမ်းကျင်အောင် သင်ကြားပေးလိုက် သလို စာပေမှာလည်း နိမ့်ကျမှုမရှိရလေအောင် ရတဲ့အချိန်လေးတွင်းမှာ ပြန်လည်သင်ကြားပေးပြန်တယ်။ သားအမေနဲ့ခွဲပြီး ပြည်ပမှာ ၄ နှစ်တာ ပညာသင်ကြားခွင့်ရခဲ့တယ် ။ အမေမျက်နှာပန်းလှအောင် ၊ အမေ့ရဲ့ ဂုဏ်သတင်း ဆက်လက် မွှေးပျံ့နေအောင် ဇွဲ၊ လုံ့လ ၊ ဝီရယ် နဲ့ သားတို့ ညီအစ်ကိုတစ်တွေ ကြိုးစား အားထုတ်နေကြပါတယ်။
အခုဆို အမေဟာ ရွှေရတုလွန် ၅၆ နှစ်အရွယ်ရောက်နေလို့ တည်ငြိမ် ရင့်ကျက်နေပေမယ့် အမေ့ရဲ့ လှုပ်ရှားမှု အားလုံးကတော့ လန်းဆန်းတက်ကြွမှုတွေ ၊ အတွေ့ကြုံပေါင်းများစွာတွေ နဲ့ ညီငယ်တွေကို ဆက်လက် ပျိုးထောင် သွန်သင်ဆုံးမပေးနေတယ်။ “ တစ်ဖက်ကလည်း တပ်မတော် (ကြည်း ၊ ရေ၊ လေ ) အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝတဲ့ အရာရှိကောင်းများ မွေးထုတ်ရန်” ဆိုတာ အမေ့ရည်ရွယ်ချက် ဖြစ်ကြောင်း ညီငယ်တွေ အပါအဝင် သားတို့ အားလုံးရဲ့ တွေးခေါ်မှု၊ လှုပ်ရှားမှု အားလုံးဟာ ဒါကို အဓိကထား၍ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ရှင်းလင်းပြခဲ့တယ် ။ ဒါ့အပြင် စာသင်ခန်း တွေမှာ စာသင်ကြားရုံမဟုတ်ပဲ စိတ်ဓာတ် ၊ စည်းကမ်း ၊ ခံယူချက်ရှိဖို့ အမှန်တရားကို မြတ်နိုး တန်ဖိုးထား တတ်ဖို့ ၊ တပ်မတော်သားဘဝကို ခုံမင် ဂုဏ်ယူတတ်စေဖို့ ၊ စစ်မြေပြင် အတွေ့အကြုံတွေကို အပြုသဘောနဲ့ သင်ကြားပေးဖို့၊ သွန်သင်ထိန်းသိမ်းပေးဖို့ တွေကို မှာကြားခဲ့တယ်။
အမေ့သက်တမ်း တစ်လျှောက် တပ်မတော်အတွက် အရာရှိအင်အား ဘယ်လောက် အမေမွေးထုတ် ပေးနိုင်ခဲ့ပြီးလဲလို့ လေ့လာကြည့်လိုက်အခါ တပ်မတော်ကြည်းမှာ (၁၇၃၆၆) ဦး ၊ တပ်မတော်ရေမှာ (၁၀၁၄) ဦး ၊ တက်မတော်လေမှာ (၁၃၆၈) ဦး စုစုပေါင်း(၁၉၇၄၈) ဦး လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီ ဖြစ်လို့ အမေ့တွက် သားဂုဏ်ယူမိတယ် ။ “နောင်တစ်ခေတ်၏ အောင်စစ်သည်” ဆိုတဲ့ အမေရဲ့ ဆောင်ပုဒ်က အဓိပ္ပါယ်လေးနက်ပြီး နက်ရှိုင်းတဲ့ အနှစ်သာရကို ဖော်ဆောင်နေတဲ့ ဆောင်ပုဒ်ဖြစ်တယ်နော်။ ဒီဆောင်ပုဒ် အတိုင်း ဆောင်ရွက်ကျင့်ကြံ နိုင်ခဲ့လို့ အမေ့သားတွေထဲက နိုင်ငံတော်ကနေ ချီးမြှင့်တဲ့ ဘွဲ့ထူး ၊ ဂုဏ်ထူး ၊ ထူးချွန်ဆု ရရှိသူစာရင်းကို လေ့လာကြည့်ရင် စစ်ရေးစွမ်းရည် ထက်မြက်မှုအတွက် သီဟသူရဘွဲ့ (၇) ဦး ၊ သူရဘွဲ့ (၂၈) ဦး ၊ သူရဲကောင်း မှတ်တမ်းဝင် (၁၄၆) ဦး ၊ ကာကွယ်ရေးဦးစီးချုပ် သူရဲကောင်း လက်မှတ်ရသူ (၅၅) ဦး ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ရသူ (၅၇) ဦး ၊ ကာကွယ်ရေးဦးစီးချုပ်၏ စစ်မှုထမ်းကောင်း မှတ်တမ်းဝင် လက်မှတ် ရသူ (၄) ဦး ၊ ကာကွယ်ရေး ဦးစီးချုပ် ၏ ဂုဏ်ထူးဆောင် လက်မှတ်ရသူ (၂) ဦး ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရသူ (၂၃) ဦး ရှိတာ တွေ့ရတယ် ။ ဒါ့အပြင် တံခွန်ဘွဲ့၊ ပြည်ထောင်စုဇာနည်ဘွဲ့ ၊ စီမံထူးချွန်ဆု (ပထမအဆင့်) ၊ (ဒုတိယအဆင့်) ၊ (တတိယအဆင့်) ၊ရဲသူရိန် ၊ စက်မှုစီးပွားထူးချွန် (ပထမအဆင့်) ၊ (ဒုတိယအဆင့်) ၊ လူမှုထူးချွန်ဆု (ပထမအဆင့်) ၊ (ဒုတိယအဆင့်) စတဲ့ ဘွဲ့တံဆိပ်တွေ ရရှိတာကို သိရလို့ နောင်တော်များအတွက် ဂုဏ်ယူမိပါတယ် အမေ။ သစ္စာ ၊ သိပ္ပ ၊ သူရ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ နောက်တစ်ခေတ်ရဲ့ အောင်စစ်သည်တွေ ဖြစ်အောင် ကျင့်ကြံနိုင်ခဲ့ကြလို့ အမေ့ရဲ့ သားကောင်း စစ်သည် တွေ နိုင်ငံတော်မှာ လက်ရှိတာဝန်ယူနေတဲ့ သမိုင်းကိုကြည့်ရင် စစ်ဘက်မှာ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တိုင်းမှူး၊တပ်မှူး နယ်ဘက်မှာ ဝန်ကြီးချုပ် ၊ ဝန်ကြီး ၊ ဒုတိယဝန်ကြီး စတဲ့ အဆင့်မြင့် ရာထူးတွေမှာ ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ် ခြင်းခံနေရတာ ကို တွေ့ရပါတယ်။
ဒီလိုကောင်းမြတ်တဲ့ အစဉ်လာကို ဆက်လက် ထိမ်းသိမ်း စောင့်ရှောက်နိုင်ဖို့က သားတို့ရဲ့ တာဝန်ဆိုတာ နားလည် သဘောပေါက်ပါတယ်။ အမေ့ကိုခင်တွယ်စိတ် ၊ မြတ်နိုးစိတ် ၊ ဂုဏ်ယူတဲ့စိတ်တွေနဲ့ ပေးအပ်တဲ့ အမိန့် ၊ ညွှန်ကြားချက် တာဝန်တွေကို ဦးလည်မသုန်ပဲ မခိုမကပ် တိကျအောင်မြင်စွာ ဆောင်ရွက်မှသာ အမေ့ရဲ့ ကောင်းမြတ်တဲ့ ဂုဏ်သတင်းဟာ နှစ်ကာလ ရှည်ကြာစွာ တည်တံ့နေမှာဖြစ်ပါတယ် အမေ ။ အခြေနေတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ သားတို့အပေါ်မှာ ရှိနေတဲ့ အမေ့ရဲ့ ကျေးဇူးတွေကို စိတ်မှာ ညွှတ်ကျိုးပြီး ရှိခိုးဦးထိပ်ဆင်ကာ အမေ့ဂုဏ်ရောင်၊ တိုင်းပြည်ဂုဏ်ဆောင်မယ့် “နောင်တစ်ခေတ်၏ အောင်စစ်သည်” တွေကို စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးရာမှာ သားလည်း တစ်ဖက်တစ်လမ်း ကနေ  ဆောင်ရွက်သွားပါမယ် လို့  ဦးညွှတ်ကတိပေးရင်းဖြင့်…

No comments:

Post a Comment