ရှေးရှုမေတ္တာ ၊ ဂရုဏာနှင့် ၊ နာနာကျင်ကျင် ၊ အပြစ်မြင်တိုင်း ၊
ဝမ်းတွင်းမသို ၊ ဟုတ်တိုင်းဆို၍ ၊
ကျိုးလိုစိတ်က ၊ ဆုံးမတတ်သူ ၊ ဆရာဟူလော့ ။
မဃဒေ၀လင်္ကာ
လောကဓါတ်ပညာ နှံ့စပ်သိမြင် … ကျွမ်းဝင်ရှိဖို့
ကိုယ့်မှာသိခြင်း… မကျန်ကြွင်းအောင်
သင်ကြားပြသ…ဆရာဘဝ
ဆရာ့ဝန်တာ ဝတ်ငါးဖြာကို ပြည့်စုံစေတတ်…ဆရာမြတ်...
ဆိုပြီး အမျိုးမျိုးသော ကဗျာတွေနဲ့ ဆရာ ဆရာမ တွေရဲ့ကျေးဇူးတရားတွေကိုဖွဲ့ဆိုကြပါတယ်။
“ဆရာတယောက်ရဲ့ပုံရိပ်ဆိုတာ တပည့်တယောက်ရဲ့နှလုံးးသားမှာ မေ့ပျောက်မသွားနိုင်အောင် အမြဲစွဲထင် ကျန်ရစ်နေတတ်တယ်” တဲ့ ဘ၀မှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ ဟိုး- လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် ကာလက ၀လုံးအစချီတဲ့ စာလေးတွေကိုသာ ဆရာမကြီးတွေဆီက သင်ယူခွင့် မရခဲ့ဖူးဆိုရင် ဘလော့ဂ်ပေါ်မှာ အခုရေးတင်နေတဲ့ ပို့စ်လေးတွေဟာ ပေါ်ပေါက်လာခဲ့မှာ မဟုတ်ဘူးဆိုတာ တွေးမိလိုက်တဲ့အခါတိုင်း၊ ဆရာ/ဆရာမ တွေကို သတိရမိပါတယ်။ငယ်ဘဝတွေ အားလုံးကို မမှတ်မိတော့ပေမယ့် ဆယ်တန်းကျောင်းသားဘဝ စာကျက်ပျင်းတဲ့ ကျွန်တော့်မှာ မနက်ခင်း (၄)နာရီ အိပ်ယာထပြီး စာကျက်ဖို့ဆိုတာ ငိုချင်စိတ်ပေါက်လောက်အောင်ပါပဲ အဲဒါကြောင့် လစ်ရင်လစ်သလို ခိုးအိပ်တယ်။ တနေ့တော့ ကျွန်တော်ခိုးအိပ်တာကို ဆရာမတွေ့တော့ ဆရာမက ဆူပြီး စာသွားကျက်ဖို့ပြောတယ် ။ အဲဒီချိန်မှာ ကျွန်တော်နဲ့ ကျွန်တော်သူငယ်ချင်းက ချက်ချင်းဆိုသလိုပဲ ရေသယ်မ အကြောင်းကိုအော်လိုက်မိတယ် ဘာဖြစ်လို့လဲဆိုတော့ ရေသယ်မ က အပျိုကြီး ဆရာမကလည်း အပျိုကြီးကို ။ အဲလိုဆိုလိုက်တာကို ဆရာမကိုယ်တိုင်သိပေမယ့် ဆရာမစိတ်ထဲမှာပဲ ထားခဲ့တယ်… နောက်ကြုံတဲ့အခါမှ ဆရာမကို ဒီလိုနောက်တယ်ဆိုတာကို သူသိကြောင်းရယ်မောစွာနဲ့ပြောပြခဲ့တယ်။
ဆယ်တန်းစာမေးပွဲဖြေလို့ နောက်ဆုံးနေ့မှာ ဆရာ ဆရာမ တွေကို ကန်တော့ပြီဆိုတော့ ဆရာမ ကျောင်းသား ကျောင်းသူတွေကိုပြန်ပြီး နှုတ်ဆက်စကား ဆုတောင်းပေးတဲ့စကားကို ကောင်းကောင်း မဆိုနိုင်ခဲ့ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဆရာမချစ်တဲ့ တပည့်တွေနဲ့ခွဲခွာရတော့မယ် ဆိုတာကိုသိနေတော့ ဆရာမကတော့မျက်ရည်တွေနဲ့ စိတ်မကောင်းစွာနဲ့ပဲ နှုတ်ဆက်စကား ပြောသွားခဲ့ပါတယ်။ကျွန်တော်လဲ စိတ်မကောင်းစွာနဲ့ လက်အုပ်ချီရင်း ဆရာဆရာမတွေရဲ့စေတနာ ကျောင်းသားကျောင်းသူတွေအပေါ်ထားတဲ့ မေတ္တာတရားတွေကို နားလည်ခဲ့ပြီ… ဆယ်တန်းအောင်လို့ ဘဝလမ်းခရီးမှာကိုယ်စီလျှောက်လှန်းနေရတော့ ဆရာ ဆရာမတွေကို စိတ်ထဲကပဲ သတိရရှိခိုးလျှက်။ အချိန်ပေးခဲ့ရင်ကိုယ်တိုင်ကန်တော့ဖို့ ရင်ထဲမှာရှိပြီးသားပါ ။ပညာရေးရဲ့ အဆင့်တခုကို ဖြတ်ကျော်ပြီးသွားချိန်မှာ ဆရာ ဆရာမတွေရဲ့ ကျေးဇူးတရားတွေကို ပိုပြီးသိမြင် နားလည်လာခဲ့ရပါပြီ…။ ဆရာမကို ကိုယ်တိုင်လက်အုပ်ချီပြီး ရှိခိုးကန်တော့ခွင့်ရတဲ့တနေ့မှာ…
ကျွန်တော် ဆရာမရှိတဲ့ ကျောင်းကို ရောက်သွားခဲ့ပါတယ် ဆရာမ ကျောင်းလှေခါးပေါ်က ဆင်းအလာ
လှေခါးခြေရင်းမှာပဲ ဆရာမကိုတွေ့ တွေ့ချင်းထိုင်ပြီးရှိခိုးမိတယ် ဆရာမကလည်း ကျွန်တော်အတွက် ဆုတွေအများကြီးပေးနေလိုက်တာ ဘယ်လောက်ကြာသွားလဲမသိပါ ဆရာမ ဆုပေးပြီးလို့ ကြည့်လိုက်တော့ ဘေးမှာ ကျောင်းသား ကျောင်းသူလေးတွေ ဝိုင်းကြည့်နေကြတယ် သူတို့လေးတွေဝိုင်းကြည့်နေလို့ ကျွန်တော်ရင်ထဲမှာ ရှက်တဲ့စိတ်မရှိခဲ့ပါဘူး ဆရာမ ကိုကြည်ညိုလေးစားတဲ့စိတ်ပဲ ရှိခဲ့တာပါ ကျွန်တော့်ဆရာမကြီးနာမည်က ဒေါ်အုံး ဖြစ်ပါတယ် ဆရာမကြီးအတွက် ဘလော့ဂ်စာမျက်နှာ တနေရာကနေ ရှိခိုးရင်း ဆရာမကြီးကျန်းမာပျော်ရွှင်ပြီး ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျပါစေ….လို့
“အာစရိယ ဂုဏော အနန္တောပါ မြတ်ဆရာ၊ သားတို့ချစ်တဲ့ မြတ်ဆရာ၊ သမီးတို့ချစ်တဲ့မြတ်ဆရာ“ ဒီသီချင်းသံကြားပြီဆိုရင် ကျွန်တော် အလိုလို မျက်ရည်ဝိုင်းမိတတ်တယ်။ ဆရာဆိုတာ စေတနာ၊ ၀ါသနာ၊ အနစ်နာအပြည့်နဲ့ အရောင်အသွေးစုံတဲ့ မျိုးဆက်သစ်လူငယ်လေးတွေကို ပြုစုပျိုးထောင်ပေးခဲ့ကြတဲ့ ကျေးဇူးရှင်တွေပါ။ ဘယ်ကလေးက ဘယ်လိုစရိုက်ရှိတယ်ဆိုတာ သိပြီး ဘယ်လိုထိန်းရမယ်ဆိုတာ နားလည်တဲ့သူတွေဟာ မိဘနဲ့ ဆရာတွေပါ။ ချော့တခါ၊ ငေါက်တလှည့်နဲ့ လိုသလို ပုံသွင်းပေးခဲ့တဲ့ ဘ၀ပုံဖော်ပန်းချီဆရာတွေဆိုလည်း သူတို့ပါပဲ။ ကျွန်တော်ဘ၀မှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အများကြီး ကြုံတွေ့ခဲ့ဖူးပါတယ်။ ဆရာအားလုံးဟာ ကျွန်တော်အတွက် ကျေးဇူးရှင်တွေပါ။ အားလုံးသော မြတ်ဆရာ မြတ်ဆရာမများကို လက်ဆယ်ဖြာမိုးရှိခိုးလျှက်
No comments:
Post a Comment