ဗိုလ်ကြီးအောင်စစ်သည် သို့ (အပိုင်း ၄)

စာလည်း တော်တော်ရှည်နေပြီ ညီလေးရ။ ရှည်လည်း ထပ်ပြောအုံးမယ်ကွာ။ အကိုပြောတာတွေက သိစေချင်တဲ့စေတနာကို အရင်းခံတယ်ဆိုတာကိုတော့ ညီလေးကို သိစေချင်တယ်။ နိုင်ငံရေးအမြင်ပေါ့ကွာ။ အကိုတို့က ငယ်သေးတယ်ဆိုပြီး ကိုယ်နဲ့မဆိုင်ဘူးမလုပ်နဲ့နော်။ အစက ပြောခဲ့သလို တစ်ခုနဲ့တစ်ခုက ဆက်စပ်နေတယ်ကွ။ စစ်ရေးအမြင်နဲ့ နိုင်ငံရေးကို ခန့်မှန်းလို့ရသလို နိုင်ငံရေးအမြင်ရှိတဲ့သူကလည်း စစ်ရေးကို အနီးစပ်ဆုံးခန့်မှန်းလို့ ရနိုင်တယ်လေ။ အကိုထင်တာကိုပြောရရင် စစ်သားက နိုင်ငံရေးမလုပ်ချင်ရင်သာ မလုပ်မယ်။ စစ်ရေးအမြင်ရှိတဲ့သူက နိုင်ငံရေးကို ခန့်မှန်းလို့ရတယ်ဆိုတာကိုပဲ။
နိုင်ငံ ရေးကစားကွက်ရွှေ့တယ်ဆိုတာကလည်း နည်းဗျူဟာပဲလေ။ စစ်သားဆိုတာက အမြဲတန်း စစ်နည်းဗျူ ဟာသုံးနေရတာပဲ။ ဒီအချိန် ဆိုရင် ရန်သူဒီလိုလုပ်တတ်တယ်။ ရန်သူကို ဘယ်လိုတိုက်ရမယ် စသဖြင့်ပေါ့လေ။ စစ်သားမှာ တခုလိုတာက စစ်သားအချင်းချင်း ရဲဘော်ရဲဘက်ချင်းစည်းရုံးတတ်ပေမဲ့ လူထုကို မစည်းရုံးတတ်တာပဲ ထင်တယ်။ နိုင်ငံရေးသမားက အဲဒါကို ကျွမ်းတာပဲ။ သတင်းတွေထဲမှာ ညီလေးလည်း မြင်မှာပဲ။ သမ္မတက မူကြိုတို့ ကျောင်းတို့ကိုသွားပြီး ကလေးတွေကို ချီတာတို့၊ လူထုကို ကွင်းထဲဆင်းနှုတ် ဆက်တာကို လုပ်တာလေ။ အကိုထင်တာပါ နိုင်ငံရေးဆိုတာကလည်း အရှုပ်ကြီးပါကွာ။ စစ်သားစိတ်နဲ့ မကိုက် တာတော့ အမှန်ပဲ။ ဒို့တွေက တုံးတိုက်တိုက် ကျားကိုက်ကိုက်ကိုကွ။ နိုင်ငံရေးက တစ်ဘက်က လက်ဆွဲနှုတ် ဆက်ပြုံးပေမဲ့ လက်နောက်တစ်ဘက်က ဓားနဲ့ထောက်ရင်ထောက်ထားတာဟ။ တနေရာမှတမျိုးပြောချင် ပြောမယ်။ တကယ်အကျိုးရှိတာ မှန်တာကို မလုပ်ပဲ လူထုအကြိုက်ကိုလိုက်ပြီး စည်းရုံးလုပ်တဲ့ ပေါ်ပင်နိုင်ငံရေး သမား၊ နေရာရချင်လို့လုပ်တဲ့ နိုင်ငံရေးသမား စသည်ဖြင့် အမျိုးမျိုးရှိတယ်လေ။ မိမိအကျိုးအတွက်မဟုတ်ပဲ အမျိုးကိုချစ်တဲ့စိတ်၊ နိုင်ငံချစ်စိတ်နဲ့လုပ်တဲ့ နိုင်ငံရေးကိုတော့ မဆိုလိုပါဘူးကွာ။ ၁၉၈၈ရှေ့ပိုင်းက မြန်မာနိုင်ငံရေးကိုတော့ အကိုတို့ကော ညီလေးတို့ကော မမှီလို့ မသိဘူး။ စာအုပ်တွေထဲတော့ရှိတာပေါ့ကွာ။ အမျိုးမျိုးလည်းပြောကြမှာပဲ။ အကိုတို့သိတတ်စ အချိန်ကစပြီး အခုချိန်ထိကတော့  အကိုတို့ အေးအေးချမ်းချမ်း ကျောင်းစာသင်ခဲ့တယ်။ နေခဲ့ရတယ်။ ဒါကတော့ အမှန်ပဲ။ သူပုန်ရှိတဲ့ နယ်စပ်ကိုတော့ မပြောနဲ့ပေါ့ ညီလေးရာ။ ညီလေးက ခြေလျင်မှာဆိုတော့ ပြည်ပနိုင်ငံရေးမီဒီယာတွေ သတင်းဖြန့်မှုတော့ ဖတ်ဖြစ်မယ်မထင်ဘူးနော်။ အကိုကတော့ နေ့တိုင်းနီးပါး သတင်းဖတ်ဖြစ်ပါတယ်ကွာ။ နောင်ဖြစ်လာမဲ့ မြန်မာနိုင်ငံရေးကိုတော့ အကိုလည်း မခန့်မှန်းတတ်ဘူး။ ခန့်မှန်းဖို့လည်းမလွယ်ပါဘူး။ အကိုတို့စစ်သားကတော့ ပြည်တွင်းနိုင်ငံရေးအပြင် ပြည်ပနိုင်ငံတွေရဲ နိုင်ငံရေးကိုလည်း လေ့လာသုံးသပ် နေရမယ်ထင်တယ်။ နိုင်ငံရေးဆုံးဖြတ်ချက်တွေ၊ ကစားကွက်တွေ၊ အယူအဆတွေက စစ်တပ်ကိုလည်း တစ်နည်းမဟုတ်တစ်  နည်းကတော့ ခတ်မိတာပဲ။ ညီလေးပဲကြည့်ပါလား။ ပြည်သူကို အရေးထား၊ ပြည်သူ့ဆန္ဒက အဓိကပါဆိုတဲ့ အမေရိကန်မှာ ဂျော့ဘုခ်ျက စီးပွားရေးသမားတွေ ရေနံလိုချင်တာနဲ့ အီရတ်ကို စစ်ဝင်တိုက်ဖို့ ဆုံးဖြတ်လို့ အမေရိကန်စစ်တပ်က စစ်သားတွေ အီရတ်မှာ အိပ်လို့မပျော်၊ စားလို့မ၀င် ဘယ်အချိန်ချောင်း ပစ်မယ်မသိနဲ့ နေ့တိုင်း အထိခိုက်ခံနေရတာက သက်သေပဲလေ။ ပြည်သူက စစ်ကိုဆန့်ကျင်ပါတယ်လို့ ဆန္ဒပြလည်း သူ့တပ်တွေကို ပြန်ရုပ်သိမ်းလို့လား။ တိုက်ဖို့ဆုံးဖြတ်တာက သူတို့နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေပဲလေ။ စစ်တိုက်လို့ ပိုက်ဆံကုန်တော့ စစ်သုံးစရိတ် များတယ်ဆိုပြီး ဖြတ်တယ်။ အာဖဂန်မှာရှိတဲ့ စစ်မြေပြင်က ဗိုလ်ချုပ်ကြီးက စစ်ကူလိုတယ်ဆိုတော့ စစ်ကူပို့ဖို့ကို လွှတ်တော်နဲ့ သမ္မတက ဆုံးဖြတ်ချိန် ၂လနီးပါးကြာတယ် ညီလေး။ သေရေးရှင်ရေး တိုက်နေရတယ်ဆိုရင် ဘယ်လိုနေမလဲ။ ဒါကြောင့် အကိုကတော့ စစ်သားက နိုင်ငံရေးအမြင် အမြဲရှိနေဖို့လိုတယ်လို့ ညီလေးကိုပြောတာပါကွာ။ အကိုကြိုက်တဲ့ စာသားလေး ညီလေးကို ပြန်ပြောပြမယ်။ ဂျာနယ်တစ်ခုထဲမှာ ဖော်ပြထားတဲ့ ဆရာကြီး မောင်ဝံသကို တွေ့ဆုံမေးမြန်းခန်းမှာ ဆရာကြီးဖြေတာလေးပေါ့ကွာ။ နိုင်ငံရေးဆိုတာ တိုင်းရေးပြည်ရေးပဲတဲ့။ ၀န်ထမ်းတွေ မိမိတာဝန် မိမိကျေပွန်စွာ ထမ်းဆောင်နေကြတာ နိုင်ငံရေးပဲ။ ကျောင်းမှာ ဆရာ၊ ဆရာမတွေ စာသင်ပေးနေတာ နိုင်ငံရေးပဲ။ ဆရာဝန် တွေ ဆေးကုနေတာလည်း နိုင်ငံရေးပဲ။ ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန်မဲပေးခြင်းဟာလည်း နိုင်ငံရေးပဲဆိုပြီး ဆရာကြီးက အဓိပ္ပာယ်ဖွင့်တယ်ကွ။ နိုင်ငံရေးဆိုတာ နာမည်ကို ရှင်းနေတာပဲတဲ့။ ကိုယ့်အရေးထက် နိုင်ငံ့အရေးကို ဦးစားပေးလုပ်နိုင်မှ နိုင်ငံရေးလုပ်တယ်လို့ ပြောနိုင်တယ်တဲ့။ အကိုလည်း စဉ်းစားကြည့်တယ်။ မှန်တယ်ဆိုပြီး ထင်တယ်လေကွာ။ အဲဒါ ညီလေးကို သိအောင် ပြန်ပြောပြတာ။ ညီလေးတို့က ခြေလျင်မှာ ရှေ့တန်း၊ နောက်တန်းတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နေသလို နောင်တော်တွေ၊ အကိုတို့၊ ညီလေးတို့ အပတ်စဉ်က ညီလေး သူငယ်ချင်းတွေလည်း နိုင်ငံတော်က ပေးအပ်တဲ့တာဝန် အဆင့်မြင့်ပညာသင်ကြားမှုကို ကျေပွန်စွာ တတ်မြောက်အောင်၊ နိုင်ငံအတွက်၊ တပ်မတော်အတွက် အကျိုးရှိအောင် ဖတ်မှတ်၊ သင်ယူနေ ပါတယ်ကွာ။ အေးကွ ဒါပေမဲ့ တချို့ ညီလေးသူငယ်ချင်းတွေ ချက်တတ်လိုက်၊ ဇာတ်ကားကြည့်လိုက်၊ အချိန်ဖြုန်းနေတဲ့ကောင်တွေတော့ ရှိသေးတယ်ကွ။ ၀မ်းသာစရာ ကတော့ ကြိုးစားတဲ့လူတွေလည်း အများကြီးရှိတယ်ဆိုတာပါပဲ ညီလေးရေ။ ညီလေးသူငယ်ချင်းတွေ ရုရှားက ပြန်လာမှ မေးကြည့်ပေတော့ကွာ။ ဒါကြောင့် ညီလေးရေ အကိုတို့တွေ အချိန်ကို မဖြုန်းပဲ တန်ဖိုးရှိစွာသုံးပြီးတော့ အသက်ငယ်သေးတယ် ဆိုတဲ့စိတ်ကိုဖျောက်ပြီး ဗိုလ်ကြီးအဆင့်နဲ့ တူအောင် တန်အောင် တိုင်းပြည်အရေးကို တို့ညီအစ်ကိုတွေ လက်တွဲညီညီဆောင် ရွက်ကြစို့ကွာ။
ညီလေးလည်း ဖတ်ဖူးလား မသိဘူး။ ပုံပြင်လေးပါ။ အကိုလိုတိုရှင်းပြောပြမယ်ကွ။ လယ်သမားလင် မယားနှစ်ယောက်ရှိတယ်။ အိမ်မှာကြက်ဖတစ်ကောင်၊ ၀က်တစ်ကောင်နဲ့ နွားတစ်ကောင် မွေးထားတယ်လေ။ ကြွက်လေးတစ်ကောင်လည်း ခိုကပ်ပြီးနေသေးတယ်တဲ့။ အဲအခါမှာ တနေ့ကျတော့ လယ်သမားကြီးက ကြွက်လေး ကိုတွေ့ပြီး ကြွက်ထောင်ချောင် ထောင်ထားလိုက်တယ်။ အဲဒါကို ကြွက်လေးက တွေ့ပြီးတော့ ကြက်ဖကြီးကို ပြောတယ်။ ကိုကြက်ဖ လယ်ရှင်ကြီးကတော့ ကြွက်ထောင်ချောက်ထောင်ထားတယ်ဗျ ဆိုတော့ အေးလေ ကြွက်ထောင်ချောက်ဆိုတာက မင်းအတွက်ပဲလေ။ ဒို့နဲ့ ဘာဆိုင်လဲဆိုပြီး ဂရုမပြု အလေးမထားဘူးတဲ့။ ကြွက်လေးက ၀က်ကြီးကော၊နွားကြီးကိုလည်း ဒီအတိုင်းပဲ သူမြင်တာကိုပြောတယ်။ ကျန်တဲ့သူတွေကလည်း ကြွက်ထောင်ချောက်က ဒို့နဲ့မဆိုင် မင်းနဲ့ပဲဆိုင်တယ်။ ဒို့က ဘာလုပ်ရမလဲဆိုပြီး အေးဆေးပဲနေတယ် ပေါ့ကွာ။ အဲဒါ ညကျတော့ ကြွက်ထောင်ချောက်မှာ အသံကြားတော့ လယ်သမားကြီး မိန်းမက အလျင်စလိုနဲ့ ပြေးကြည့်လိုက်တော့ ကြွက်ထောင်ချောက်မှာမိနေတဲ့ မြွေက ကိုက်လိုက်ရော။ အဲဒါ ဆေးကုရတယ်ပေါ့ကွာ။ လူမမာဆိုတော့ အားရှိအောင်ဆိုပြီး လယ်သမားကြီးက ကြက်ဖကြီးကို သတ်ပြီး စွပ်ပြုတ်လုပ်တိုက်တယ်တဲ့။ လူမမာကတော့ မသက်သာပဲနဲ့ ရှိတယ်။ လူနာလာမေးတဲ့သူတွေများလာတော့ ကျေးဇူးတင်တဲ့အနေနဲ့ လယ်သမားကြီးက ၀က်ကိုပါ သတ်ပြီး အသားဝေလိုက်တယ်တဲ့။ မကြာပါဘူး လယ်သူမကြီးသေတော့ ဆွေတွေမျိုးတွေလာကြ၊ မိတ်တွေတွေလာကြပေါ့ကွာ။ ထမင်းကျွေးရမှာ ဆိုတော့လည်း လောက်ငှအောင် နွားကြီးကိုသတ်ပြီး ကျွေးရတာပဲ။ ဒါကို ကြွက်လေးက ကြည့်ပြီးတော့ အိမ်က ထွက်ပြေးသွားတယ်တဲ့။ ဒီပုံပြင်ဥပမာလေး ကြည့်ရင် ဒီအကောင်တွေသာ ကြွက်လေးပြောတာကို အလေးထား၊ ပတ်ဝန်းကျင်ကိုသတိထားပြီး စောင့်ကြည့်နေမယ် ဆိုရင် သေဘေးကလွတ်နိုင်တာပေါ့။ ကြိုပြီးပြေးရင်လည်း လွတ်နိုင်တယ်လေ။ ဒါကြောင့် အနာဂတ်ရဲ့ စစ် ခေါင်းဆောင်တွေဖြစ်မဲ့ အကိုတို့ ညီလေးတို့က အမြဲမပြတ် ပြည်တွင်း၊ ပြည်ပနိုင်ငံရေးနဲ့ နိုင်ငံတကာ အရေးတွေကို နောင်ဖြစ်လာမဲ့အရေးတွေအတွက် ကြိုတင်ပြင်ဆင်နိုင်အောင် ရတဲ့အချိန်လေးမှာ စာအုပ်တွေ၊ မီဒီယာတွေကတဆင့် ဖတ်မှတ်နေဖို့လိုမယ်လို့ အကိုတော့ ထင်တယ်ကွာ။ မှန်တယ် မှားတယ်ကတော့ ကိုယ်ရဲ့ အသိဥာဏ်နဲ့ ဆုံးဖြတ်ရမှာပဲ ညီလေးရေ။
ဆက်လက်ဖေါ်ပြပေးပါမည်
လေးစားစွာဖြင့်။
အကိုကြီး၊ ကြယ်ဖြူ
ကာ့စ်ခ်ပြည်နယ် နည်းပညာတက္ကသိုလ်။

No comments:

Post a Comment