ဗိုလ်ကြီး အောင်စစ်သည် သို့ (အပိုင်း ၃)

နောက်ပြီး ထင်သာမြင်သာတာလေး ပြောအုံမယ် ညီလေးရေ။ အခု ဂိုဂယ်အတ်ဆိုတာ ရှိတယ်။ သူကနေပြီးတော့ ကောင်ကင်မြေပုံ လှမ်းကြည့်လို့ရတယ်လေ။ စစ်သုံးစက်တလိုက်နဲ့ အသေးစိတ်ကြည့်တာ မဟုတ်သေးဘူးနော်။ ဒါပေမဲ့ တော်တော်ရှင်းရှင်းလင်းလင်းကို မြင်ရတယ်ညီလေးရ။ သေချာ မမြင်နိုင် တာကတော့ အစိမ်းရောင်ဖုံးနေရင် စက်တလိုက်ကနေ သေချာကွဲပြားအောင် မမြင်ရဘူးပဲ။ အစိမ်းရောင်တွေ ဖုံးနေတဲ့အတွက် အကုန်လုံး အစိမ်းတွေဖြစ်ပြီး ၀ါးသွားတယ်။ ဘယ်လောက် ဇွန်းဆွဲကြည့်ကြည့်ပိုဝါးတာပဲ ရှိမယ်။ ဒါက နည်းပညာရဲ့အားနဲချက် သဘာဝရဲ့အခွင့်အရေးလေ။ ဒါကို အကိုတို့သတိထားမိရင် စစ်စခန်းကို သစ်ပင်ထူထပ်တဲ့ နေရာမှာ ဆောက်မယ်။ အဲလိုအခွင့်အရေး မရဘူးဆိုရင် မသိစေချင်တာကို အပေါ်ကနေ မြက်စိမ်းတွေ ဒါမှမဟုတ် သစ်ပင်စိမ်းစိမ်းတွေ စိုက်လိုက်မယ်ဆိုရင် လုံခြုံရေးအတွက် တစ်ခုအကျိုးရ စေတာပေါ့ကွာ။ အခုဆိုရင် စစ်နယ်ပယ်မှာ မောင်းသူမဲ့လေယာဉ်တွေ၊ စက်ရုပ်တွေကိုသုံးလာပြီ။


အကိုတို့အနေနဲ့ သူတို့လို လိုက်မလုပ်နိုင်သေးတာတော့ သေချာတယ်လေ။ ဒါပေမဲ့ နည်းပညာရဲ့ အားနဲချက်ကိုသိရင် ဒီအားနဲချက်ကိုသုံးပြီး ရင်ဆိုင်နိုင် ကာကွယ်နိုင်မယ် ဆိုတာကတော့ သေချာပါတယ် ညီလေးရေ။ ရန်သူက သိပ်အင်အားကြီးပေမဲ့လည်း မိမိရဲ့ထက်မြက်တဲ့ ပင်ကိုအသိရယ်၊ ပြည့်စုံကောင်းမွန်တဲ့ နည်းဗျူဟာ၊ သဘာဝရဲ့အားသာချက်၊ နည်းပညာနဲ့ ရန်သူ့အားနဲချက်ကို သုံးနိုင်ရင် အနိုင်မတိုက်နိုင်တောင် မရှုံးအောင်ထိန်းထားလို့ ရပါတယ်။ ဒီလိုထိန်းဖို့ကလည်း အကိုတို့က စစ်ဗျူဟာကိုသေချာကျွမ်းကျင်ပိုင် နိုင်ဖို့လိုတယ်လေ။ ညီလေးက ခြေလျင်မှာ ထုသားပေသားကျနေတဲ့ စစ်သားဆိုတော့ ပိုသိမှာပါကွာ။ အကိုကတော့ စစ်မတိုက်ဖူးဘူး။ မတိုက်ဖူးလို့ပဲ တိုက်ခိုင်းရင် အချိန်မရွေးထတိုက်နိုင်အောင် လေ့လာဖတ်ရှု မှတ်သားထားတာပါကွာ။
ညီလေးက ဗိုလ်ကြီးဖြစ်ပြီဆိုရင် သက်ဆိုင်ရာ တိုင်း၊ တပ်မအသီးသီးမှာ စစ်ဦးစီးမှူး တတိယတန်း တာဝန်ကို ထမ်းဆောင်ရတော့မှာပေါ့ ညီလေးရ။ အကိုတို့ တပ်မတော်ကလည်း သတင်းဆက်သွယ်ရေး လျင်မြန်စေဖို့ ဖိုက်ဘာကွန်ယက်တွေသုံးပြီး ဆက်သွယ်နေပြီလေ။ အင်တာနက်ကိုလည်း တခါတလေမှာ ချိတ်ဆက်အသုံးပြု ဆက်သွယ်လာပြီလေ။ အဲဒီတော့ အကိုတို့ဆီက သတင်းမပေါက်ဖို့ စစ်ရေးအမြင်၊ လုံခြုံရေးအမြင်နဲ့ ကာကွယ်တတ်ဖို့လည်း လိုအပ်တယ်လေ။ အမေရိကန်၊ တရုတ်နဲ့ မြောက်ကိုရီးယား မှာဆိုရင် ဆိုက်ဘာသတင်းတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး မိမိသတင်းကာကွယ်ရေးနဲ့ ရန်သူ့သတင်းကို ထောက်လှမ်းနိုင်ရေး၊ ရန်သူ့ဆိုက်ဘာကွန်ယက်ကို ထိုးဖောက်နှောက်ယှက် သတင်းယူနိုင်ရေးတို့ကို အပြိုင် အဆိုင်လုပ်နေကြတာ အရပ်ဘက် မီဒီယာတွေမှာတောင် ဖတ်နိုင်တယ်။ ညီလေးလည်း တွေ့မှာပဲလေ။  တရုတ်က အခုဆိုရင် ဟက်ကာနည်းပညာရှင် အပေါဆုံးလို့ကို ပြောနေကြတယ်။ အမေရိကန် ကာကွယ်ရေးဌာနရဲ့ သတင်းကွန်ယက်ကို တစ်လအတွင်း အကြိမ်အရေအတွက် ထောင်ချီပြီးတော့ အဟက်ခံရတယ် ဆိုတာလေ။ လာတဲ့အိုင်ပီခြေရာ ကိုကြည့်လိုက်ရင် တရုတ်က လာတာပဲလို့ အမေရိကန် ကာကွယ်ရေးဌာန ဆိုက်ဘာလုံခြုံရေးတွေက ပြောကြတာပဲ။ အကိုတို့ နိုင်ငံက သတင်းကွန်ယက်ကိုလည်း ဘယ်သူက ဖောက်ဝင်ပြီး မထောက်လှမ်းဘူးလို့ ပြောနိုင်လဲ။ ဟုတ်ဘူးလား။ သူတို့လောက် နည်းပညာကို မသိရင် မတတ်ရင်တောင် နည်းပညာ  အသိလေးရှိရင်      မိမိသတင်း မပေါက်အောင် ကာကွယ်နိုင်  မယ်လေ။  အမိစစ်တက္ကသိုလ်က သင်ပေးလိုက်တဲ့ ဘယ်နေရာပဲရောက်ရောက် အရာရာကို မသင်္ကာစိတ်ဖြင့် လေ့လာဆန်းစစ်တတ်ခြင်းသည် လုံခြုံမှုအရှိ ဆုံးဖြစ်သည် ဆိုတာကို အကိုတို့၊ ညီလေးတို့ မေ့လို့မရဘူးလေ။  အကိုဆိုလိုချင်တာက စစ်သားက ရှေ့တန်းမှာပဲ ရောက်နေနေ၊ အခုလိုဘွဲ့လွန်ပညာတွေ သင်နေတာပဲဖြစ်ဖြစ် သတင်းတွေ၊ စာအုပ်စာပေတွေ ကနေတဆင့်        စစ်ရေးအမြင်နဲ့ အမြဲတန်း လေ့လာမှု၊ သင်ယူမှုတွေကို လုပ်နေရမယ်ဆိုတာကိုပါကွာ။

ဆက်လက်ဖေါ်ပြပေးပါမည်
လေးစားစွာဖြင့်။
အကိုကြီး၊ ကြယ်ဖြူ
ကာ့စ်ခ်ပြည်နယ် နည်းပညာတက္ကသိုလ်

No comments:

Post a Comment