ဗိုလ်ကြီး အောင်စစ်သည် သို့ (အပိုင်း ၅)

ညီလေးလည်း ဖတ်ဖူးလားမသိဘူး။ ပုံပြင်လေးပါ။ အကိုလိုတိုရှင်းပြောပြမယ်ကွာ။ လယ်သမားလင်မယား နှစ်ယောက်ရှိတယ်။ အိမ်မှာကြက်ဖတစ်ကောင်၊ ၀က်တစ်ကောင်နဲ့ နွားတစ်ကောင် မွေးထားတယ်လေ။ ကြွက်လေးတစ်ကောင်လည်း ခိုကပ်ပြီးနေသေးတယ်တဲ့။ အဲအခါမှာ တနေ့ကျတော့ လယ်သမားကြီးက ကြွက်လေး ကိုတွေ့ပြီး ကြွက်ထောင်ချောင် ထောင်ထားလိုက်တယ်။ အဲဒါကို ကြွက်လေးက တွေ့ပြီးတော့ ကြက်ဖကြီးကို ပြောတယ်။ ကိုကြက်ဖ လယ်ရှင်ကြီးကတော့ ကြွက်ထောင်ချောက်ထောင်ထားတယ်ဗျ ဆိုတော့ အေးလေ ကြွက်ထောင်ချောက်ဆိုတာက မင်းအတွက်ပဲလေ။ ဒို့နဲ့ ဘာဆိုင်လဲဆိုပြီး ဂရုမပြု အလေးမထားဘူးတဲ့။ ကြွက်လေးက ၀က်ကြီးကော၊နွားကြီးကိုလည်း ဒီအတိုင်းပဲ သူမြင်တာကိုပြောတယ်။ ကျန်တဲ့သူတွေကလည်း ကြွက်ထောင်ချောက်က ဒို့နဲ့မဆိုင် မင်းနဲ့ပဲဆိုင်တယ်။ ဒို့က ဘာလုပ်ရမလဲဆိုပြီး အေးဆေးပဲနေတယ် ပေါ့ကွာ။

 အဲဒါ ညကျတော့ ကြွက်ထောင်ချောက်မှာ အသံကြားတော့ လယ်သမားကြီး မိန်းမက အလျင်စလိုနဲ့ ပြေးကြည့်လိုက်တော့ ကြွက်ထောင်ချောက်မှာမိနေတဲ့ မြွေက ကိုက်လိုက်ရော။ အဲဒါ ဆေးကုရတယ်ပေါ့ကွာ။ လူမမာဆိုတော့ အားရှိအောင်ဆိုပြီး လယ်သမားကြီးက ကြက်ဖကြီးကို သတ်ပြီး စွပ်ပြုတ်လုပ်တိုက်တယ်တဲ့။ လူမမာကတော့ မသက်သာပဲနဲ့ ရှိတယ်။ လူနာလာမေးတဲ့သူတွေများလာတော့ ကျေးဇူးတင်တဲ့အနေနဲ့ လယ်သမားကြီးက ၀က်ကိုပါ သတ်ပြီး အသားဝေလိုက်တယ်တဲ့။ မကြာပါဘူး လယ်သူမကြီးသေတော့ ဆွေတွေမျိုးတွေလာကြ၊ မိတ်တွေတွေလာကြပေါ့ကွာ။ ထမင်းကျွေးရမှာ ဆိုတော့လည်း လောက်ငှအောင် နွားကြီးကိုသတ်ပြီး ကျွေးရတာပဲ။ ဒါကို ကြွက်လေးက ကြည့်ပြီးတော့ အိမ်က ထွက်ပြေးသွားတယ်တဲ့။ ဒီပုံပြင်ဥပမာလေး ကြည့်ရင် ဒီအကောင်တွေသာ ကြွက်လေးပြောတာကို အလေးထား၊ ပတ်ဝန်းကျင်ကိုသတိထားပြီး စောင့်ကြည့်နေမယ် ဆိုရင် သေဘေးကလွတ်နိုင်တာပေါ့။ ကြိုပြီးပြေးရင်လည်း လွတ်နိုင်တယ်လေ။ ဒါကြောင့် အနာဂတ်ရဲ့ စစ် ခေါင်းဆောင်တွေဖြစ်မဲ့ အကိုတို့ ညီလေးတို့က အမြဲမပြတ် ပြည်တွင်း၊ ပြည်ပနိုင်ငံရေးနဲ့ နိုင်ငံတကာ အရေးတွေကို နောင်ဖြစ်လာမဲ့အရေးတွေအတွက် ကြိုတင်ပြင်ဆင်နိုင်အောင် ရတဲ့အချိန်လေးမှာ စာအုပ်တွေ၊ မီဒီယာတွေကတဆင့် ဖတ်မှတ်နေဖို့လိုမယ်လို့ အကိုတော့ ထင်တယ်ကွာ။ မှန်တယ် မှားတယ်ကတော့ ကိုယ်ရဲ့ အသိဥာဏ်နဲ့ ဆုံးဖြတ်ရမှာပဲ ညီလေးရေ။
(စစ်သားပြောပြောရရင် No news-no operation လေ။ သတင်းမရရင်၊ မရှိရင် တိုက်ကွက် ဖော်လို့ မရဘူးလေ။ အကိုတို့မှာ နည်းပညာအသိ၊ နိုင်ငံရေးအသိ၊ တခြားဗဟုသုတအသိတွေသာ ရှိရင် ရှေ့တန်းစစ်မြေ ပြင်မှာတင်မဟုတ်ပဲ၊ နောက်တန်း တပ်တည်ဆောက်ရေးတွေမှာပါ စစ်သည်တွေကို မိမိသိရှိတဲ့ ဗဟုသုသအသိတွေ၊ နည်းပညာတွေကို မျှဝေပေးလို့၊ သင်ကြားပေးလို့ရတာပဲကွ။ ဒါဆိုရင် တပ်ရင်းမှူးအားကိုး ရတဲ့ အပတ်စဉ် ၄၈က ဗိုလ်ကြီးတွေဖြစ်လာမှာပဲလို့ အကိုထင်တယ်။ အကိုလည်း လက်တွေညောင်းနေပြီ။ ဦးနှောက်တွေလည်း ပူထူနေတာပဲ။ ညီလေးဆီကို စာရေးဖို့ သေချာစဉ်းစားရတယ်လေ။ ဒီအကြောင်းတွေ ပြောဖို့ကလည်း စာကိုသေချာစီရသေးတယ်ကွ။ အိပ်ချင်ပြီလား။ အိပ်နေလို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဟေ့။ အကိုပြောတာတွေကိုနားထောင်ပြီး စိတ်သစ်၊ လူသစ်၊ အားမာန်သစ်နဲ့ ရည်မှန်းချက် ရည်ရွယ်ချက်ထားပြီး ကြိုးစားလိုက်စမ်းကွာ။

ညီလေးရေ တိုက်စည်းသင်တန်းကော ပြီးပြီလားကွ။ ဗိုလ်ကြီးဖြစ်ရင်တော့ ခြေလျင်တပ်ခွဲမှူးသင်တန်း တက်ရတော့မယ်။ အချိန်တွေကလည်း အကုန်မြန်တယ်ကွာ။ စိတ်ထဲပြန်တွေးကြည့်နေတာကွ ညီလေးရ။ အမိစစ်တက္ကသိုလ်မှာ အကိုကနောက်ဆုံးနှစ်ဗိုလ်လောင်း၊ ညီလေးက ပထမနှစ်။ အခုကျ ဗိုလ်ကြီးတွေအဖြစ်နဲ့ ကျရာတာဝန်ထမ်းဆောင်နေကြရပြီ။ အကို့ဂါဒီယန်တွေလည်း ကျောင်းဆင်းပြီးကတည်းက မတွေ့တော့ဘူး ကွာ။ တပ်ခွဲတူနောင်တော်တွေကိုလည်း တချို့ဆို ကျောင်းဆင်းကတည်းက မတွေ့တော့ဘူး။  တပ်မတော်ကြီး က ကျဉ်းကျဉ်းလေးဆိုပေမဲ့လည်း နောင်တော်တွေ၊ သူငယ်ချင်းတွေ၊ ညီလေးတွေကို ပြန်တွေ့ဖို့ကတော့ ခက်သားပဲကွ။ ရုရှားမှာကတော့ ပြန်ဆုံကြတယ် ညီလေးရေ။ အကို့ဂါဒီယန်တွေကတော့ ရုရှားလည်း မပါ၊ စာပေ၂ မှာလည်း ဘွဲ့လွန်မတက်ရ။ တော်တော် တော်တဲ့ကောင်တွေကွာ။ ညီလေးနဲ့ကြုံရင်တော့ ပြောလိုက်ပါ အုံးကွာ။ အကိုက သတိရပါတယ်လို့။ တပ်မှာကော ဘယ်လိုလဲညီလေး။ ဒီစာရောက်ရင် အကို့ဆီကိုလည်း မေးလ်ပို့အုံးပေါ့။ အကိုတို့တပ်ရင်းမှူးလည်း စစ်ဦးစီးမှူးပထမတန်းထွက်ပြီလား။ ထွက်လောက်ပြီကွ။ အဘလေး ကိုလည်း သတိရပါတယ်ကွာ။ တပ်ရေးဗိုလ်ကြီးကော၊ ကျန်တဲ့ ညီလေးတွေကိုကော၊ တပ်မိသားစုတွေကိုကော သတိရတယ်ပြောပေးပါကွာ။ မြိတ်က ပိထောင်လေးနဲ့ မန်းစားခဲ့ရတာကို လွမ်းပါတယ်လို့။ အခွင့်အရေးကြုံရင် ဖြင့် တပ်ကိုတော့ ပြန်ရောက်ချင်ပါသေးတယ်ကွာ။ ပင်လယ်ပြင်ကြီးကိုလည်း လွမ်းတယ်။ ဦး၊ ဦးလို့ ခေါ်တတ်ပြီး ကိုယ့်ကိုယ်ကို မီးက မီးကနဲ့ပြောတတ်တဲ့ ဘိတ်သူလေးတွေကိုလည်း သတိရမိပါတယ်ကွာ။ အခုကျ အကို့ကို မသိရ၊ မလွမ်းရ၊ မမှတ်မိရဆိုပြီးများ ပြောနေမလား မသိဘူးကွ။ ဘိတ်မြို့ကြီးကို ပြောပါတယ် ကွာ။ ဟားဟား။ ကျန်တာတော့ မရှိရ။
ဟော့ကောင် ညီလေး။ မင်းမိန်းမကော ရပလားကွ။ အေး မိန်းမမရတောင် မင်းရူပါနဲ့ ရည်းစားတော့ ရလောက်ပြီကွ။ ဘိတ်သူနဲ့လားကွ။ ဘိတ်သူတွေကတော့ အင်မတန်ဖော်ရွေတယ်ထင်တာပဲ။ ရုရှားက ကောင်မလေးတွေလား။ ချောမှချော ညီလေးရေ။ သူတို့ကိုကြည့်ရင်တော့ ရင်ပူတယ်ကွ။ ဘာလို့လည်းတော့ မသိဘူး။ အကိုတို့ကျောင်းက ညီလေးနဲ့ အပတ်စဉ်တူ သူငယ်ချင်းတွေကို မေးကြည့်။ ဒီကောင်တွေ သိတယ်။ အဆောင်ပြန်ရောက်ရင် အခန်းထဲမှာ တရားရေအေးလေး နာလိုက်၊ သောက်လိုက်မှပဲ အနေအထိုင် ရင်ပူတာ သက်သာသွားတော့တယ်ကွ။ တော်ပါပြီကွာ။ ဆက်မပြောတော့ပါဘူး။ ညီလေးဆီရေးတဲ့စာ ကောင်မလေး ဖတ်မိရင် ရှင်ပြောတဲ့ မီးတွေက ဘယ်ကလဲ၊ ဘာလဲ မေးနေမယ်။ ဆက်သွယ်ရေးက ဒီခေတ်က အရမ်းကောင်း တယ် ညီလေးရေ။ မြန်မာကနေပြီး ရုရှားလိုမဲဇာက လူကို Command and control လှမ်းလှမ်းလုပ်လို့ရတယ် ဟေ့ ညီလေးရ။

ညီလေးရေ ပြောဖို့ မြင်၂မြင် ကျန်သေးတယ်ကွ။ အဲဒါမပြောခင် မီဒီယာတွေအကြောင်းနည်းနည်းလေး ပြောပြမယ်။ မီဒီယာဆိုတဲ့ကောင်ကလေ ပုရွတ်ဆိတ်ကိုလည်း ဂေါ်ဇီလာဖြစ်အောင် ပြောတတ်လုပ်တတ်လို့ ရသလို၊ ဂေါ်ဇီလာကြီး နယူးရောက်မြို့ဖျက်ဆီးရင်တောင် ဘာမှမဖြစ်သလို ပြောတတ်လုပ်တတ်တယ်။ အမှန် တကယ် ပြည်သူကို အကျိုးပြုတာတွေလည်း အများကြီးပါ။ အကိုကလည်း မီဒီယာအကြောင်းပြောတာဆိုတော့ နဲနဲလေး တင်စားပြတာပါ။ ဟားဟား။ မီဒီယာထဲမှာ ဂျာနယ်တွေ၊ တီဗီလိုင်းတွေ၊အင်တာနက် ၀က်ဆိုက်တွေ၊ ဘလော့ဆိုက်တွေနဲ့ သီးခြားဝါဒဖြန့်ဝေတဲ့ အဖွဲ့အစည်းတွေပါတယ်နော် ညီလေး။ ဒီမီဒီယာတွေက အရမ်းအရေး ပါတယ်နော်။ အကိုက တီဗီတို့၊ အင်တာနက်ဘလော့တွေနဲ့ ဂျာနယ်တွေဖတ်ရင် စဉ်းစားမိတာ လေ။ ခုနကပြောသလို သေးသေးလေးကိုလည်း အကြီးကြီးဖြစ်အောင်ပြောလို့ ရသလို အကြီးကြီးကိုလည်း သေးသေးလေးဖြစ်အောင် လုပ်တတ်တယ်။ ဒါကိုသိတဲ့ အင်အားကြီးနိုင်ငံကြီးတွေနဲ့ ပြည်ပက အစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေက လက်နက်အဖြစ်စွဲကိုင်ပြီး တို့နိုင်ငံကို တိုက်နေတာပဲ။ သူတို့ဖြန်တဲ့ သတင်းက မှန်တာပဲဖြစ်ဖြစ်၊ မှားတာပဲဖြစ်ဖြစ်၊ မှန်မှားရောနေတာပဲဖြစ်ဖြစ် အမှန်၊ အမှားမဆုံးဖြတ်တတ်တဲ့သူက ဖတ်မိ လိုက်ရင် ဒွိဟဖြစ်နိုင်၊ အထင်မှားနိုင်တယ်လေ။ မီဒီယာရဲ့ထိရောက်မှုကို သတိထားရမယ်လေ။ ဘယ်လောက်ပဲ လွတ်လပ်တဲ့နိုင်ငံပဲဖြစ်ဖြစ် သူတို့လည်း မီဒီယာကို လွှတ်မထားပဲ ချုပ်ထားကြတာပဲ။ လိုအပ်ရင် နိုင်ငံရေး ၀ါဒဖြန့်မှု၊ စည်းရုံးမှုတွေမှာတောင် အသုံးချသေးတာပဲ။ ဥပမာ။ ။ အီရတ်ကိုတိုက်မယ်ဆိုတော့ ဆက်ဒမ်ဟူစိန် မကောင်းကြောင်း၊ ဆိုးကြောင်း၊ ဓာတုလက်နက်တွေထုတ်နေကြောင်းကို နိုင်ငံတကာက ထင်ရောင်ထင်မှားဖြစ် အောင် အစိုးရပိုင် မီဒီယာတွေကတင်မဟုတ်ပဲ ပုဂ္ဂလိကပိုင် မီဒီယာမျိုးစုံကတဆင့် ၀ါဒဖြန့်စေတယ်။ တိုက်ပြီးလို့ရှာတော့ သူတို့ပြောတဲ့ ဓာတုလက်နက်တွေ ခုချိန်ထိလည်း မတွေ့ဘူး။ ပြည်သူတွေကတော့ သေလိုက်တာ ညီလေးရေ။ သောက်သောက်လဲပဲ။ အီရတ်နိုင်ငံကတော့ ရာစုနှစ်တစ်ခုလောက် အချိန်ယူပြီး ပြန်ထူထောင်ရင်တောင် မသေချာလောက်ဘူး။ တိုင်းပြည်မှာ ဒုက္ခိတတွေနဲ့ အမေရိကန်က ကျဲထားတဲ့ ကလပ်စ်တာ ဗုံးတွေမှာပါတဲ့ သတ္ထုရဲ့ဘေးထွက်ဆိုးကျိုးကို အခုအီရတ်က ကလေးတွေ၊ မိန်းမတွေ ခံနေရပြီ။ အခု အီရတ်မှာ ဖမ်းဆီးရမိအကျဉ်းသားတွေကော၊ အကြမ်းဖက်သမားလို့ ယူဆရသူတွေ၊ အဆက်အနွယ် တွေကို အကျဉ်းချထားပြီး နည်းမျိုးစုံသုံးပြီး နှိပ်စက်တာကျ ဘယ်မီဒီယာမှ နှစ်ပေါင်းမြောက်မြားစွာ ဖော်ပြလို့ မရဘူး။ ဖော်ပြခွင့်လည်း မရှိဘူး။ နောက်ဆုံး အ၀တ်တွေချွတ်ပြီး နှိပ်စက်တာကို ဗီဒီယိုဂျာနယ်လစ် တစ်ယောက်က ဖော်လိုက်တော့မှ နိုင်ငံတကာကသိပြီး မေးတော့မှ သမ္မတကစာထုတ်ပြီးတော့ နောက်မလုပ် ရဘူးပြောတယ်။ နောက်တစ်ခုက အမေရိကန်ကုန်သွယ်ရေး အဆောက်အဦးကို လေယာဉ်အပိုင်းစီးပြီး တိုက်တုန်းက။ လေယာဉ်က နှစ်စီးနော်။ အိမ်ဖြူတော်ကို သွားတဲ့ လေယာဉ်ကျတော့ ပျက်ကျတယ်ဆိုပြီး ပြောတယ်။ ကျန်တာ ဘာမှမပြောဘူး။ ဒီသတင်းကိုလည်း ထိန်းချူပ်ထားတယ်။ ကုန်သွယ်ရေးအဆောက်အဦး ကိုသွားတဲ့လေယာဉ်က ပျက်မကျဘူး။ အိမ်ဖြူတော်ကို သွားတဲ့လေယာဉ်ကျမှ ပျက်ကျတယ်။ အဓိပ္ပာယ်မရှိဘူး လေ။ အမှန်က အိမ်ဖြူတော်ကိုထိမှာစိုးလို့ လမ်းကြောင်းထဲကို ၀င်လာကတည်းက ဒုံးနဲ့ ပစ်ချလိုက်တာပဲ။ တန်ဆာခံ ခရီးသည်တွေလည်း ပါတယ်နော်။ ဒါကို တာဝန်ရှိတဲ့သူတွေကော၊ နားလည်တဲ့သူတွေကော သိပါ့ကွာ။ အစိုးရက တင်းတင်းကျပ်ကျပ် ပိတ်ထားတော့ ဘယ်သူမှ မဟရဲဘူး။ အကိုကတော့ မှားတယ် မှန်တယ်လို့ မပြောချင်ပါဘူးကွာ။ ညီလေးသိအောင်လို့လေ မီဒီယာဆိုတာက အမှန်ကိုလည်းပြောတတ်သလို အဆိုးတွေကြည့်လည်းပြောပြီး အမှန်နဲ့ အကောင်းကို သိမ်းထားတတ်တယ်။ ဒါကိုကြည့်ခြင်းဖြင့် ရန်သူရဲ့ သတင်းမီဒီယာကနေ ၀ါဒဖြန့်မှုကို ကြိုတင်သိပြီး ကာကွယ်နိုင်တာပေါ့ကွာ။ ပြင်သစ်စစ်ဘုရင် နပိုလီယံဘိုနာ ပတ်ကတော့ ဒီလိုပြောတယ် ညီလေးရ။ သူ့မူပေါ့ကွာ။ သူပြောတာကို မြန်မာလို့ပြန်ထားတာက မှန်ကန် သောလုပ်ရပ်အတွက် စကားလုံးများဖြင့် တန်ဆာဆင်ရန် မလိုအပ်ပါ ( The right sort of deeds require no embellishment of words) တဲ့။ ဒီခေတ်မှာတော့ လိုတယ်ကွ။ အကိုပြောချင်တာက မီဒီယာရဲ့အရေးပါမှုကို သတိထားပြီးတော့ အကိုတို့စစ်သားတွေလည်း မီဒီယာအမြင်ရှိရမယ်လို့ ပြောချင်တယ်ကွ။ အကို့အယူအဆ ကိုပြောတာနော်။ တော်ကြာ နောင်တော်တွေက ကြိတ်နေအုံးမယ် အကို့ကို။ တပ်မတော်တစ်ရပ်လုံး ခုချိန်ထိ မြင်၎မြင်လို့ပဲထားတာ မင်းက မြင်၅မြင်လုပ်ချင်တယ်ဆိုပြီးလေ။ဟားဟား။
ဆက်လက်ဖေါ်ပြပေးပါမည်
လေးစားစွာဖြင့်။
အကိုကြီး၊ ကြယ်ဖြူ
ကာ့စ်ခ်ပြည်နယ် နည်းပညာတက္ကသိုလ်

No comments:

Post a Comment