သမိုင်းကပြောသော စစ်တက္ကသိုလ်

လူ့သမိုင်းဟူသည် ဖျောက်ဖျက်၍ ရနိုင်ကောင်းသော အရာမဟုတ်ပါ။ ထိုခေတ်၊ ထိုအခါ ၊ထိုအချိန်သမယက ဖြစ်ပျက်ခဲ့သော အကြောင်းချင်းတို့သည်လည်း တိမ်ကောပျောက်ကွယ်သွားနိုင်သည် ဖွယ်ရာမရှိပါ။ ထို့ကြောင့် လူတို့၏  ဖြစ်စဉ်များကို  “သမိုင်းက သက်သေပြသည်”  ဟု    ပြောစမှတ်ပြုလာရခြင်း ဖြစ်ပါသည်။
ထိုနည်းတူ စစ်တက္ကသိုလ်ကြီးသည်လည်း တပ်မတော် ခေါင်းဆောင်ကြီးများ၏ အားထုတ် ကြိုးပမ်းမှု လုံ့လဥဿဟနှင့် ဖြစ်မြောက်လိုမှု ဆန္ဒတို့ကြောင့် အောင်မြင်စွာ ပေါ်ပေါက်လာခဲ့သည်ကို သမိုင်း စာမျက်နှာ တွင်  ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။


၁၉၅၀ ပြည့်လွန်နှစ်များတွင်း ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်တက္ကသိုလ် ပေါ်ထွန်းရေးအတွက် တပတ်တကုတ် ကြီးစားအားထုတ်ခဲ့ကြသည်။ ၁၉၅၄ခုနှစ် ဩဂုတ်လ(၁)ရက်နေ့တွင်မူ စစ်တက္ကသိုလ် ဖွဲ့စည်းခွင့် အမိန့်ထုတ်ပြန်နိုင်ခဲ့သဖြင့် ယင်းနေ့ကို စစ်တက္ကသိုလ် သန္ဓေတည်ခဲ့သောနေ့ဟု သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါသည်။
 
စစ်တက္ကသိုလ် မဖြစ်မနေဖွဲ့စည်းရန် အဘယ်ကြောင့် ကြိုးပမ်းခဲ့ကြပါသနည်း ဟူ၍ မေးစရာရှိပါသည်။ စူးစမ်း လေ့လာကြည့်ကြပါစို့။ မြန်မာမင်းများ စိုးမိုးအုပ်ချုပ်စဉ်က မြန်မာ့တပ်မတော်ကြီးသည် အရှေ့တောင်အာရှ တစ်ခွင်တွင် စွမ်းရည်ကြီးမားထက်မြက်ပြီး လက်ရုံးရည်၊ နှလုံးရည်မြင့် ပြည့်ဝသော တပ်မတော်ဖြစ်ခဲ့ကြောင်းကို သမိုင်းက သက်သေပြလျှက်ရှိပါသည်။ ကိုလိုနီခေတ် နှစ်တစ်ရာခန့်အတွင်း မြန်မာတို့ကို ဗြိတိသျှနယ်ချဲ့တို့က လက်နက်ကိုင်ဆောင်ခွင့် မပေးခဲ့သဖြင့် မြန်မာ့တပ်မတော်ဟူသည် သမိုင်းမှတ်တမ်းတွင် မတွေ့ရှိရတော့ပါ။ သူ့ကျွန်ဘဝတွင် နေရသော်လည်း မြန်မာတို့၏ “သူ့ကျွန်မခံ” လိုသောမီးခဲပြာဖုံး စိတ်ဓာတ်ကြောင့် ဒုတိယ ကမ္ဘာစစ် စတင်မီးတောက်ချိန်များတွင် ရဲရဲနီမြန်မာ့သွေး ပေါ်ပေါက်လာခဲ့ရပြန်ပါသည်။ ရေခြားမြေခြား ထိုင်းနိုင်ငံတွင် ရဲဘော်သုံးကျိပ်တို့သည် ဗမာ့လွတ်လပ်ရေးတပ်မတော် စတင်တည်ထောင်၍ လွတ်လပ်ရေးကို အရယူခဲ့ပါသည်။
 
မြန်မာ့တပ်မတော်ကို ဖွဲ့စည်းပြီး နိုင်ငံတော်တစ်ဝန်းလုံးမှ မျိုးချစ်လူငယ်များ စုစည်းကာ အင်အားချဲ့ထွင်ခဲ့ ပါသည်။ ထိုစဉ်က တပ်မတ်ာတွင်အမှုထမ်းခဲ့ကြသော ခေါင်းဆောင်ပိုင်းကို ကြည့်လျှင် ဒုတိယကမ္ဘာစစ်ဒဏ် ကြောင့် စာပေအဆင့်မြင့်စွာ တတ်မြောက်မှု နည်းပါးခဲ့ပါသည်။ သို့ရာတွင်မျိုးချစ်စိတ်ကို အရင်းခံ၍ လွတ်လပ်ရေးအတွက် အသက်ပေးရန်ကိုပင် တွန့်ဆုတ်ခြင်းမရှိသူများပီပီ စွန့်လွှတ်စွန့်စားလိုစိတ် ပြင်းထန်သူများ ဖြစ်ကြပါသည်။ ထို့ကြောင့် နယ်ချဲ့ ဗြိတိသျှနှင့် ဂျပန်တပ်မတော်တို့ကို အံတုအနိုင်ယူခဲ့ကြ ပါသည်။
ယနေ့ ကမ္ဘာ့တပ်မတော်ကြီးများကို လေ့လာရာတွင် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော ခေါင်းဆောင်များ မွေးထုတ်နိုင်ရန် စစ်ပညာရော ခေတ်ပညာပါ သင်ယူတတ်မြောက်စေသော ဌာနကြီးများကို တည်ဆောက်ဖွဲ့စည်း လေ့ကျင့်ပေးနေကြောင်း တွေ့ရပါသည်။ ခေတ်နှင့်ရင်ပေါင်တန်းနိုင်ရန်မှာ စိတ်ဓာတ် အင်အား တစ်ခုတည်းနှင့် မလုံလောက်တော့ပဲ အခြေနေအရပ်ရပ်ကို မှန်ကန်စွာ သုံးသပ်နိုင်သော ခေါင်းဆောင်မှုက အရေးကြီးလာပါသည်။ သိပ္ပံ ၊ ဝိဇ္ဇာအထက်တန်းပညာရပ်တို့ကို တတ်ကျွမ်းမှုက အရေးပါ ကြောင်း ထင်ရှားလာပါသည်။
 
ထို့ကြောင့် ဤစစ်တက္ကသိုလ်ကြီး ပေါ်ပေါက်လာရခြင်းဖြစ်ပြီး “တပ်မတော် (ကြည်း၊ရေ၊လေ) အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် အရာရှိများမွေးထုတ်ရန်” ဟုသောရည်ရွယ်ချက် (Aim) ထားရှိခဲ့ခြင်း ဖြစ်ပါသည်။ လက်ရုံးရည်ပြည့်ဝစေရန် အဆင့်မြင့် စစ်ပညာကိုလည်းကောင်း၊ နှလုံးရည်ပြည့်ဝ စေရန် ခေတ်ပညာ(တက္ကသိုလ်ပညာ) ကိုလည်းကောင်း သင်ကြားတတ်မြောက်စေရန် ရည်သန်လုပ်ဆောင်ခဲ့ ကြပါသည်။
မြန်မာ့တပ်မတော်ကို ခေတ်မှီတိုးတက်အောင် စွမ်းဆောင်ခဲ့သော ပုဂ္ဂိုလ်များအနက် ထူးခြားစွာပေါ်ထွန်းခဲ့သော ပုဂ္ဂိုလ်မှာ ၁၉၅၀ပြည့်နှစ်က ကာကွယ်ရေးဝန်ကြီးဌာနတွင် လေ့ကျင့်ရေးညွှန်ကြားရေးမှူး (Director of Military Training ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်မှူးကြီးမောင်မောင် (နောင်တွင်ဗိုလ်မှူးချုပ်)ဖြစ်ပါသည်။ သူသည် စာပေကို အစဉ်လေ့လာလိုက်စား၍ တပ်မတော်၏ ခေါင်းဆောင်ပိုင်းကို ခေတ်နှင့်ရင်ပေါင်တန်းနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့သူဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာအနှံ့ရှိ စစ်တက္ကသိုလ်ကြီးများ ၊ စစ်ကျောင်းကြီးများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ာလေ့လာဆည်းပူးကာ ခေတ်မီတပ်မတော်ဖြစ်ရေး အလေးပေးဆောင်ရွက် ခဲ့ပါသည်။ မိမိကိုယ်တိုင် သွားရောက်လေ့လာရုံမျှမက တပ်မတော်မှအဖွဲ့ငယ်များကို စေလွှတ်လေ့လာ နည်းယူစေခဲ့ပါသည်။ စစ်တက္ကသိုလ်ကြီး ဖြစ်ပေါ်လာရေးကို မျက်ခြည်ပျက်မခံပဲ နိုင်ငံ့တာဝန်ကြီးများကို မအားမလပ် ထမ်းဆောင်နေသည့်ကြားမှပင် ကြိုးပမ်းမှုပြုခဲ့သူဖြစ်ပါသည်။
 
စစ်တက္ကသိုလ် ကို စတင်ဖွဲ့စည်းတည်ထောင်စဉ်တွင် ပထမဆုံး ကောင်းအုပ်ကြီးအဖြစ် သီရိပျံချီ ဗိုလ်မှူးကြီး ကျော်စိုးကို  ရွေးချယ်တာဝန်ပေး ခန့်အပ်ခဲ့ပါသည်။ ဗိုလ်မှူးကြီးကျော်စိုးမှာ ဂျပန်ခေတ် ဘုရင့်တက္ကသိုလ် (Imperial Japanese Military Academy) ပထမပတ်သို့ တက်ရောက်ခဲ့သော ပုဂ္ဂိုလ်ဖြစ်ရုံသာမက စစ်ပွဲ အတွေ့အကြုံရင့်ကျက်သော  တပ်မဟာမှူးတာဝန်မှ ကူးပြောင်းတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ အဆင့်မြင့် စာပေပညာ သင်ယူရေးနှင့်ပါတ်သတ်၍ သိက္ခာ၊ သမာဓိ ပညာဥာဏ်ရည်တို့နှင့်ပြည့်ဝသော ပညာမင်းကြီးဟောင်း ဦးဘိုးသုန်ကို ခန့်အပ်ခဲ့ပါသည်။ ဗိုလ်လောင်းများကို ကွပ်ကဲအုပ်ချုပ်ရန် ဗိုလ်သင်တန်းကျောင်း အပတ်စဉ်(၁)မှဆင်းသော ထူးချွန်ထက်မြက်သည့် အကောင်းဆုံး ဗိုလ်လောင်း ပထမ ဆုရ(Best Cadet) အရာရှိအား နည်းပြချုပ်တာဝန်ပေးအပ်၍ တပ်ခွဲမှူး ၊တပ်စုမှူးများအဖြစ် အင်္ဂလန်ပြည် ဘုရင့်စစ်တက္ကသိုလ် (Royal Military Academy, Sad Hurst)ဆင်း အရာရှိငယ်များအား တာဝန်ပေး ကြီးကြပ်စေခဲ့ပါသည်။ အစကောင်းမှ အနှောင်းသေချာ ဟူသောစကားအရ စစ်တက္ကသိုလ် စတင်ဖွဲ့စည်း တည်ထောင်စဉ်ကပင် လက်ရွေးစင် ပုဂ္ဂိုလ်များကို ခန့်အပ် တာဝန်ထမ်းဆောင်စေခဲ့ပါသည်။
 
ဤသည်ကိုကြည့်ခြင်းအားဖြင့် တပ်မတော်အကြီးကဲများ၏ စစ်တက္ကသိုလ်အပေါ်ထားရှိသော စေတနာနှင့် ဖြစ်မြောက်စေလိုသော ဆန္ဒမွန်တို့ကို လေ့လာသုံးသပ်၍ ရပါသည်။ အနာဂတ်တပ်မတော်၏ ခေါင်းဆောင်ပိုင်း ကို  ကမ္ဘာ့တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရန် ပျိုးထောင်ပေးခဲ့ခြင်းဖြစ်ပါသည်။
စစ်တက္ကသိုလ်ကို ပိုမိုခန့်ငြားထည်ဝါအောင် စွမ်းဆောင်ခဲ့သူတစ်ဦးကိုလည်း ချန်လှပ်၍ မထားနိုင်ပါ ထိုပုဂ္ဂိုလ် မှာ  အခြားမဟုတ် ပြည်ထောင်စုဖွား ကချင်မျိုးနွယ်စုဝင် သီရိပျံချီ ဗိုလ်မှူးကြီး အယ်(လ်)ခွန်နောင် ဖြစ်ပါသည်။ ကျောင်းအုပ်ကြီးတာဝန်ကို အရှည်ကြာဆုံး ထမ်းဆောင်ခဲ့ရသူလည်းဖြစ်ပြီး လက်ရုံးရည်၊ နှလုံးည်ပြည့်ဝသော တက္ကသိုလ်ဘွဲ့ရ တပ်မဟာမှူးဟောင်း ဖြစ်ပါသည်။
ထို့ကြောင့် “နောင်တစ်ခေတ်၏ အောင်စစ်သည်” ဟူသော စစ်တက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ ယနေ့ နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသော စစ်တက္ကသိုလ်ဆင်း အရာရှိများသည် ကျောင်းတော်ကြီး၏ ဂုဏ်သိက္ခာ မညှိုးနွမ်းအောင် ဆောင်ရွက်ရင်း မိမိသင်ယူတတ်မြောက်ခဲ့သော စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်တို့တွင် ယခုတာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းခွင်စွမ်းရည်နှင့် ကိုယ်ကျင့်သိက္ခာတို့ကို ပေါင်းစပ်လျက် ပြည်သူလူထု၏ လေးစားချစ်ခင် ယုံကြည်မှုကိုခံယူကာ နိုင်ငံတာဝန်ကြီးများကို သမိုင်းတွင်ရစ်ရလေအောင် ထမ်းဆောင်နိုင်ကြစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။
ဗိုလ်မှူးကြီးခင်မောင်တင့်(ငြိမ်း)
စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး(ငြိမ်း)
၂၀၀၈ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။

1 comment:

  1. ဟလို မောင်စိုး

    သူပြောတဲ့ ကျောင်းသိက္ခာဆိုတာ ဘယ်လိုနားလည် ရမလဲမသိဘူး..။

    စစ်သားတွေကတော့ သူတို့လုပ်တာတွေ အမြဲကောင်းတယ်လို့ မှတ်ယူမယ်ထင်တာပါပဲ..။

    မဗေဒါ (၈၈)

    ReplyDelete