ဗိုလ်ကြီး အောင်စစ်သည် သို့ (အပိုင်း ၆)

နောက်see2see ကတော့ စီးပွားရေးအမြင်နဲ့ လူမှုရေးအမြင်ပဲ ညီလေးရ။ ဆရာလုပ်ပြီး ကြွားတယ် မထင်နဲ့ ညီငယ်အောင်စစ်သည်ရေ အကိုက စီးပွားရေးအကြောင်းကတော့ နားကန်းတစ်လုံးမှကို မသိတာ။ အဲဒါပြောမှ ၁၀ တန်းတုန်းက သင်ခဲ့ရတာလေး သတိရတယ်။ ရောင်းလိုအားနဲ့ ၀ယ်လိုအားလေ။ ၁၀ တန်းတုန်းက ဆရာမကလည်း တချိန်သင်လည်း ရောင်းလိုအားနဲ့ ၀ယ်လိုအား၊ နောက်တချိန်လည်း ဒါပဲဆိုတော့ မှတ်မိနေတာ။ ပြီးတော့လေကွ မင်းတို့တော့ သင်ရလား မသိဘူး။ လူတွေရဲ့အကြိုက်က ပြောင်းလဲနေတယ် ဆိုတာလေ။ အသက်အရွယ်လိုက်ပြီးတော့ပေါ့ကွာ အကြိုက်လေးတွေပေါ့။ အဲဒါ ဟုတ်တယ်ဟ ညီလေးရ။ အသက် နည်းနည်း ကြီးလာလေ ၀ယ်လိုအားများတဲ့ အသက်၂၀ ပတ်ဝန်းကျင်ကောင်မလေးတွေက ပိုကြည့်ကောင်းသလိုပဲကွ။ အသက် ၂၅ကျော်လာတဲ့ ရောင်းလိုအားများပြီး ၀ယ်လိုအားနည်းတာကြီးတွေကို သိပ်ပြီး ကြည့်ချင်စိတ်မရှိဘူး ဖြစ်လာတယ်။ ဟားဟား။ ဟေ့ကောင်မှန်လားဟ အကိုပြောတဲ့သီအိုရီက။ 


ဒါပေမဲ့ အကိုသိတာကတော့ အရင်း နည်းနည်းနဲ့ အမြတ်များများရဖို့မို့လား။ ဒါကလူတိုင်း ဒီလိုပဲ တွက်မှာပဲကွ။ တို့နိုင်ငံအတွက်ဆိုလည်း ဒီအတိုင်းပဲ ညီလေးရ။ မြန်မာနိုင်ငံက အရင်းနည်းနည်းနဲ့ အကျိုးအမြတ်များများရရမယ်။ မိမိအကျိုးစီးပွားကို ကာကွယ်ရမယ်။ သူများ နိုင်ငံတွေလည်း မိမိအကျိုးစီးပွားကာကွယ်ရေးဆိုပြီး လုပ်နေကြတာပဲ။ အကိုတို့က စီးပွားရေးပညာရှင် မဟုတ်လေတော့ အသေးစိတ်တော့ မသိဘူးပေါ့ကွာ။ ဒို့နိုင်ငံစီးပွားရေးတိုးတက်ရမယ်။ ဒို့နိုင်ငံစီးပွားရေးနှောင့်နှေး အောင်၊ မတိုးတက်အောင်လုပ်ရင် အကိုတို့က ကာကွယ်ရမယ်။ စောင့်ရှောက်ရမယ်။ စစ်သားဆိုတာကတော့ ဒါပဲသိတာကိုးဟ။ စီးပွားရေးတိုးတက်ရင် ဒို့တပ်မတော်ကိုလည်း ခေတ်မီတပ်မတော်အဖြစ် ပြည့်ပြည့်စုံစုံ ပိုပြီးတည်ဆောက်နိုင်သလို လူနေမှုအဆင့်အတန်း၊ လူမှုရေး အဆင့်အတန်း တွေလည်း တိုးတက်လာမှာပဲ။ ခေါင်းထဲ ပေါ်လာတာ ၂ ခုလောက်ပြောပြချင်တယ်ကွာ။ စာကလည်း ပြီးတော့မှာပါကွာ။ မင်းဆီပို့ကတည်းက စာတို ပို့တာမှမဟုတ်တာ၊ စာရှည်ပို့တာဆိုတော့ ညီလေးရာ။ သည်းခံဖတ်။ အာရပ်ကသူဌေးနိုင်ငံတွေက ရေနံကြောင့် ပိုက်ဆံချမ်းသာပေမဲ့ ဒီရေနံကုန်ရင် သူစမွဲပြီလေ။ အဲတော့ ပိုက်ဆံရှိတုန်းကို ဖွှံဖြိုးဆဲနိုင်ငံတွေဆီက မြေတွေ လိုက်ဝယ်တယ်။ ဒါဟာသူ့နိုင်ငံအကျိုးစီးပွားအတွက် ရေရှည်စီမံကိန်းနဲ့ စီးပွားရေးလုပ်တာပဲ။ ဒေသခံတောင်သူ တွေကိုပါ နောက်ဆိုရင် ထိခိုက်နိုင်တယ်လေ။ ဒို့တွေက ဒီလိုမျိုးတွေကို ကြိုကြိုတွေးတတ်ဖို့လိုတယ်။ အခုအပတ် ဂျာနယ်ထဲမှာတောင် ဆော်ဒီအာရေဗျက ဒို့နိုင်ငံကို အတိုးမဲ့ချေးငွေပေးမယ်ဆိုပြီး လုပ်နေတယ်။ နောက်ကွယ် ကနေ ဘာတောင်းမယ်ဆိုတာကို စီးပွားရေးအမြင်နဲ့ ကြည့်ဖို့လိုတယ်လေ။ နောက်တစ်ခုက စက်မှုဖွှံဖြိုးပြီး နိုင်ငံတွေက လုပ်သားအင်အားဈေးသက်သာတယ်ဆိုပြီး ဖွှံ့ဖြိုးဆဲနိုင်ငံတွေမှာ စက်မှုစက်ရုံ၊ ဓာတုစက်ရုံတွေ စွတ်ပြီးတည်။ သူ့နိုင်ငံမှာကျ လေထု၊ မြေထုညစ်ညမ်းမှာစိုးလို့ဆိုပြီး အကာအကွယ်ကအကုန်လုပ်တယ်။ သူများနိုင်ငံကျတော့ ဘာဖြစ်ဖြစ်ဆိုပြီး လုပ်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက လုပ်သားတွေအလုပ်ရတာမှန်ပါတယ်။ စက်မှု လုပ်ငန်းတိုးတက်လာတာလည်း မှန်ပါတယ်။ ဒါက အကျိုးနော်။ အဆိုးရလိုက်တာက နိုင်ငံမှာ ရေထု၊ မြေထု၊ လေထုက အကုန်ညစ်ညမ်းသွားတာပဲ။ ရေရှည်တွေးကြည့်ရင် ဒို့နိုင်ငံလည်း ဒါမျိုးတွေ ဖြစ်လာနိုင်တယ်လေ။ မကြာခင် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီကို သွားတဲ့အခါ ဥရောပ၊ အာရှက လူလည်တွေလည်း လာရင်းနှီးပြီး အမြတ်လာထုတ်အုံးမှာပဲ။ အကိုတွေအားလုံးက ဒီလို စီးပွားရေးအကျိုးကိုသာမကြည့်ပဲ ပေးလိုက်ရတာတွေပါ ကြည့်တတ်ဖို့လိုမယ်ကွ။ အကို မသိတာတွေကို အများအများကြီး ရှိသေးတယ် ညီလေးရ။ ဘာပဲပြောပြော နိုင်ငံတော်ရဲ့ကျေးဇူးကြောင့် နိုင်ငံခြားမှာ ဘွဲ့လွန်တက်ရတဲ့အတွက် ကိုယ်နိုင်ငံနဲ့ သူများနိုင်ငံတွေကို နှိုင်းယှဉ်ပြီး အားနဲချက်၊ အားသာချက်ကိုသိရတော့ ဒို့အမိမြန်မာနိုင်ငံအတွက် အကောင်းဆုံး ဘယ်လိုပေးဆပ် နိုင်မလဲဆိုတဲ့ အမြင်ကတော့ ရလိုက်တယ်  ညီလေးရေ။ အကြီးကြီးပြောတာ မဟုတ်ပါဘူးကွာ။ ရင်ထဲက ဆန္ဒတွေပါ။ အဲတော့ စစ်သားကလည်း စီးပွားရေးအမြင်ကို သေချာရှိဖို့ကိုလိုတယ်လေ ညီလေးရ။ ဒါကတော့ စာများများလည်းဖတ်အုံးမှ ရမယ်နဲ့တူတယ်ကွ။ စစ်သားလည်း ပြည်သူ၊ ပြည်သူလည်းစစ်သား ဆိုတော့ ကျရာတာဝန် ပေးအပ်တဲ့တာဝန်ကို အချိန်မရွေးထမ်းဆောင်နိုင်ဖို့ အဆင်သင့်ဖြစ်ဖို့က ညီလေးရေ စာများများဖတ် ဆိုတာပဲကွ။  စာလည်း တော်တော်ရှည်နေပြီ ညီလေးရေ။ လူမှုရေးအမြင်ကတော့ မင်းညီတော်တွေ အပတ်စဉ် ၄၉၊ ဗိုလ်ကြီးဖြစ်မှ ရေးမယ်ကွာ။ စာရှည်ရေးပို့လိုက်မယ်။ အခုအကိုပြောခဲ့ တာတွေကို စဉ်းစားပြီးတော့ ကြိုးစားပေတော့ ညီလေးရေ။ ကြိုးစားနေတဲ့သူတွေအတွက် နေရာဆိုတာ အမြဲရှိနေပါ တယ်ကွာ။
 
နောက်ဆုံး အကိုပြောချင်တာက ဘာအမြင်မှမရှိလည်း စစ်သားဂုဏ်ရည်နဲ့ပြည့်စုံအောင် နေပါလို့မှာချင် တယ်ကွာ။ ဒီစစ်သားဂုဏ်ရည်ဆိုတဲ့ စာလုံးလေး ၄လုံးက ဒို့တပ်မတော်က ဗိုလ်ချုပ်တစ်ယောက်ရေးတဲ့ စာအုပ်မှာ သုံးနှုန်းထားတာပါကွာ။ အကိုလည်းခုချိန်ထိ အဲစာအုပ်ကို ဖတ်ချင်ပေမဲ့ မဖတ်ဖူးသေးဘူး။ ဒါပေမဲ့ ဒီအသုံးနှုန်း လေးကို ကြိုက်တယ်။ ရင်ထဲမှာ လှိုက်ခနဲဖြစ်သွားတဲ့ ခံစားမှုမျိုးကို ပေးစွမ်းနိုင်တယ်လို့ ထင်တယ်ကွာ။ အကိုဆိုလိုချင်တဲ့ စစ်သားကောင်းတွေရဲ့ စစ်သားဂုဏ်ရည်ဆိုတာ အမိန့်နာခံတတ်မှုနဲ့ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်မှု၊ စစ်စည်းကမ်းကောင်းမူမှုနဲ့ မိမိတပ်ဖွဲ့၊နိုင်ငံနဲ့ ပြည်သူကိုချစ်တဲ့ မျိုးချစ်စိတ်ဓာတ်ရှိမှု ဆိုတာပါပဲ။ ဘယ်လောက်ပဲ စာတော်တော်၊ ပညာတတ်တတ်၊ ဘွဲ့တွေအများကြီးရရ၊ စစ်တိုက်တော်၊ တိုက်တိုင်းနိုင်၊ အုပ်ချုပ်မှုကောင်းပေမဲ့ ခုနက ပြောတဲ့ စစ်သားဂုဏ်ရည်၃ချက် မရှိရင် စစ်သားကောင်း၊ တပ်မတော်သား ကောင်းဖြစ်မှာ မဟုတ်ဘူးဆိုတာပါပဲကွာ။ အကိုပြောတဲ့ စစ်သားဂုဏ်ရည်တွေနဲ့ ပြည့်စုံနေရင် ဗိုလ်ချုပ်ကြီးမဖြစ်တောင် မိမိကိုယ်ကို အမြဲဂုဏ်ယူနေမဲ့ စစ်သားကောင်း ကြယ်ဖြူတစ်ပွင့်အဖြစ် ကောင်းကင်မှာ အမြဲထွန်းလင်း တောက်ပနေမှာပါကွာ။ တိုင်းပြည်နဲ့ တပ်မတော်အတွက် ကျရာနေရာကနေ ထွန်းလင်းနေမဲ့ ကြယ်ဖြူလေး တွေဖြစ်နေမှာပါ။
 
ညီလေးတို့ အပတ်စဉ် ၄၈ရဲ့ ကျောင်းဆင်းပွဲ၎ နှစ်ပြည့်အထိမ်းအမှတ်ကော၊ ဗိုလ်ကြီးအဆင့်တိုး အထိမ်းအမှတ်အတွက်ကော ၀မ်းသာဂုဏ်ယူမိပါတယ်ကွာ။ ဒို့အမိရဲ့ သားငယ်အောင်စစ်သည် ၄၈ တွေ ဗိုလ်ကြီးအဖြစ်နဲ့ အားမာန်အပြည့် ကြိုးစားဖို့ပဲလိုတော့တယ်ကွာ။ အကိုတို့ဗိုလ်လောင်းတုန်းက အိမ်မဲကြီးလို့ ခေါ်တဲ့ ဗိုလ်လောင်းသက်သာဆိုင်မှာ ကပ်ထားတဲ့ ပန်းချီကားကြီးကို မျက်လုံးထဲ မြင်ရောင်နေမိတယ်ကွာ။ အသက်စွန့်ပြီး တိုင်းပြည်တာဝန်ထမ်းလို့ ဒဏ်ရာကြောင့်ပင်ပန်းနေတဲ့ စစ်သည်တစ်ယောက်က အားမာန်သစ်နဲ့ ဆက်လက်တာဝန်ယူမဲ့ မြင်းပေါ်ကစစ်သည်ကို လက်ဆင့်ကမ်း တာဝန်လွှဲနေတဲ့ပုံလေးပါကွာ။ ဒို့ အမိစစ်တက္ကသိုလ်က  မွေဖွားပေးလိုက်တဲ့ နောင်တော်ကြီးတွေ နိုင်ငံတော်မှာ အဆင့်အမြင့်ဆုံးပါဆိုတဲ့ နေရာတွေ၊ နယ်ပယ် အစုံမှာ တိုင်းပြည်တာဝန်ကို ကျေပွန်စွာ တာဝန်ထမ်းဆောင်နေတာတွေလည်း ညီလေး အမြင်ပဲလေ။ အဲဒီတော့ ညီလေးရေ မတော်ချင်ရင်နေပါစေ။ မိမိကြောင့် အမိစစ်တက္ကသိုလ်၊ တပ်မတော်ရဲ့ ဂုဏ်ရှိန်မညှိုးနွမ်းအောင် အသက်နဲ့ရင်းပြီး စောင့်ရှောက်ပါလို့ ရင်ထဲကစကား သက်ဆုံးတိုင်နားထဲစွဲအောင် မှာလိုက်ပါတယ် ညီလေးရေ။  နောင်တော်ကြီးတွေကိုယ်စား၊ အပတ်စဉ် ၄၆ ကိုယ်စား အကိုက ဆုတောင်းပေးပါတယ်ကွာ။ ညီလေးတို့ ယခုဗိုလ်ကြီးအဆင့်မှသည် နောင်နှစ်ပေါင်း မြောက်များစွာထိ ရာထူးတွေတဆင့်ပြီးတဆင့်တက်၊ ဘေးရန်ကင်းပြီး  တိုက်ပွဲတိုင်းကို တိုက်တိုင်းအောင်တဲ့ တိုင်းပြည်က အားကိုးရတဲ့၊ တာဝန်ကျေပွန်တဲ့ စစ်သားကောင်းတွေ၊ အနာဂတ်စစ်ခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ်ကြပါစေကွာ။
 
ညီလေးတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေကွာ။ တပ်မိသားစုတွေလည်း ဘေးရန်ကင်းပြီး ပျော်ရွှင်အေးချမ်းကြ ပါစေ။
လေးစားစွာဖြင့်။
အကိုကြီး၊ ကြယ်ဖြူ
ကာ့စ်ခ်ပြည်နယ် နည်းပညာတက္ကသိုလ်။

No comments:

Post a Comment