ဗိုလ်ကြီးအောင်စစ်သည် သို့ (အပိုင်း ၁)

သို့
ဗိုလ်ကြီးအောင်စစ်သည်
ခလရ (၂၆၅)မြိတ်။
ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်။ ရက်စွဲ-၁၂.၁၂.၂၀၀၉ ။
ညီလေး အောင်စစ်သည်ရေ အကိုကြီး သတိရစွာ စာရေးလိုက်ပါတယ်ကွာ ။ သိတဲ့အတိုင်းပဲကွာ စာမရေးဖြစ် တာ ဘာကြောင့်လဲ မေးရင် မအားလို့ဆိုတဲ့ စကားဟောင်းကြီးကိုပဲ သုံးပါရစေ။ တကယ်လဲ သူ့အချိန်နဲ့သူ လည်ပတ်နေတော့ ကိုစာမရေးဖြစ်တာ ညီလေးရေ။ ညီလေးလဲ စစ်ဆင်ရေးတာဝန်တွေ တပ်ရဲ့ နောက်တန်းတာဝန်တွေနဲ့ ရှုပ်နေမှာပါကွာ။ အကိုကြီးကတော့ ညီလေးကို သတိရပါတယ်ကွာ အခုတော့ စာရေး ဖြစ်အောင်ကို ရေးလိုက်တယ်လေ။ ညီလေးတို့ရဲ့ ၂၀၀၉၊ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ ၄ နှစ်ပြည့် ကျောင်းဆင်းအထိမ်းမှတ်လေးကို ဂုဏ်ပြုချင်တာကော ၊ မကြာခင် ဗိုလ်ကြီးအဆင့်သို့ တိုးမြှင့်ခြင်း ခံရတော့မယ့် ညီလေးကို အကိုကြီးက တလေးတစား အမှတ်တရဂုဏ်ပြု စကားလေးတွေပြောချင်တာနဲ့ အချိန် သေချာယူပြီး စာရေးလိုက်တာပါကွာ ။အခုက ရုရှားနိုင်ငံကနေ မြန်မာနိုင်ငံ မြိတ်မြို့ အထိ ဆိုတော့ စာရောက်ဖို့ က တော်တော်ကြာမယ်လေ။ ဒါပေမယ့် ဆက်သွယ်ရေးတွေ ထွန်းကားလာတော့ အင်တာနက်ကနေပဲ အီးမေးလ် နဲ့ ပို့လိုက်တယ်။ ညီလေးက ပရင့်ထုတ်ပြီး တပ်က ညီလေးသူငယ်ချင်းတွေနဲ့ မကြာခင်က ကျောင်းဆင်းလာတဲ့ အမှတ်စဉ် ၅၂ က ညီငယ်လေးတွေကိုပါ ဖတ်ပြလိုက်ပါကွာ ။ ဘယ်နေရာ ဘယ်ဒေသ ကိုပဲရောက်ရောက်  စစ်သားတိုင်း ကိုယ့်ရဲ့ မိခင်တပ်ရင်းကို မမေ့သလို အကိုလဲ ရဲဘော်ရဲဘက် နောင်တော်ကြီး တွေ ၊ ညီလေးတွေနဲ့ စစ်သည်တွေကို သတိရလျှက်ရှိပါတယ်ကွာ။
အကိုလည်း ရုရှားနိုင်ငံ၊ ကာ့စ်ခ်ပြည်နယ် နည်းပညာတက္ကသိုလ်မှ ပါရဂူသင်တန်းသားအဖြစ် တက်ရောက်နေတာ ဒုတိယနှစ်ကို ရောက်ပြီညီလေးရာ ။ နည်းနည်းတော့ ညဉ်းပါရစေကွာ .. မလွယ်ဘူး ညီလေးရေ… ဒေါက်တာဘွဲ့လေးရဖို့ကလဲ။ စိတ်ပင်ပန်းလွန်းလို့ကွာ ။ ညီလေးက ဖတ်နေရင်း ရယ်နေမယ် ။ အကိုကြီးက  အေးဆေးနေပြီးတော့ လို့လည်း ပြောလိမ့်မယ်။ ညီလေးတို့ဆို မိုးရေထဲမှာ အစားငတ် ၊ အအိပ်ပျက် နဲ့ ရှေ့တန်းမှာဆိုရင်လေ။ အဲလိုပြောလည်းခံရမှာပါပဲကွာ ကိုယ့်အတွက်လည်း အကျိုးရှိရုံသာမက နိုင်ငံအတွက် တပ်မတော်အတွက် တတ်သိလာတဲ့ နည်းပညာတွေနဲ့ အကူညီပေးနိုင်မှာမို့လို့ အောင့်အီး သည်းခံပြီး ကြိုးစားနေတယ်ကွာ။ မရီပါနဲ့ကွာ… ရုရှားလို မဲဇာမှာ အဖေါ်မပါ တကိုယ်တည်း ကြိုးစားနေကြတာ အကိုတင်မဟုတ်ပါဘူး ဟ နောင်တော်ကြီးတွေကော ၊ ညီလေးတို့ အမှတ်စဉ် အပြင် အခြား အမှတ်စဉ်တွေရော ပဲကွ။ အခုတော့ ဆောင်းတွင်းဆိုတော့ ချမ်းနေပြီကွာ အပူချိန်က နေ့စဉ် - ၄ ၊ - ၅ ၊ - ၆ ဝန်း ကျင်ရှိတယ်။ မြန်မာနိုင်ငံကိုတော့ အရမ်းလွမ်းတယ်ကွာ။ အမြဲတန်းလည်း သတင်းတွေမေးဖြစ်ပါတယ် ။ ကို့ရင်ထဲမှာ အဓိက မမေ့တာကတော့ အမိစစ်တက္ကသိုလ်နဲ့ တပ်ရင်းက မင်းတို့ကိုပါပဲကွာ။ ၁၁ ရက်နေ့ကတော့ အကိုတို့ ညီငယ် အောင်စစ်သည်တွေဖြစ်တဲ့ အမှတ်စဉ် ၅၂ ကတော့ ကျောင်းဆင်းသွားပြီကွ။ ညီလေးတို့လည်း တီဗွီတွေ၊ သတင်းစာတွေထဲမှာ တွေ့မှာပါကွာ ။ မကြာခင် ညီလေးတို့ တပ်ကိုလည်း ရောက်မယ်ထင်တယ်ကွ။ တို့ အမိစစ်တက္ကသိုလ်ကတော့ ချယ်ရီတောမှာ နှင်းရိပ်ခိုပြီး အားမာန်အပြည့်နဲ့ နိုင်ငံတော်နဲ့ တပ်မတော် အတွက် လက်ရုံးရည် ၊ နှလုံးရည်ပြည့်ဝတဲ့ အောင်စစ်သည်တွေကို မွေးထုတ်ပေးတုန်းပဲကွာ ။ ဒီဇင်ဘာရောက်တိုင်း ဒီဇင်ဘာမှာ ကျောင်းဆင်းခဲ့တဲ့ အမေ့သားတွေအားလုံး သတိရနေမယ်ထင်တယ်။ ညီလေးတို့ ၄၈ တွေကတော့ ပိုသတိရမယ်လေ။ မကြာခင် ဗိုလ်ကြီးအဆင့် ရာထူးတိုးပေးတော့မယ်ဆိုတော့လေကွာ ။ ညီလေးတို့ အပျော်တွေတောင် အကို့ဆီ ကူးစက်လာသလိုပဲလေ။ အကိုတို့ကျောင်းမှာလည်း ညီလေးတို့ အမှတ်စဉ်က ရှိတယ်လေ။ သူတို့လည်း တပြုံးပြုံးနဲ့ နှစ်ပတ်လည်နေ့အတွက် ကုသိုလ် လုပ်ဖို့ တိုင်ပင်နေလေရဲ့ ။ အကိုတို့ ဗိုလ်ကြီးအဆင့်တိုးတုန်းကလည်း အဲလိုပဲကွ ။ စိတ်ထဲမှာ ရယ်ချင်သလိုလို ပြုံးနေချင်သလိုလိုနဲ့ တမျိုးပဲကွာ ပခုံးကိုကြည့်ပြီး ငါတော့ ၃ပွင့်တင်ရတော့မှာပါလား ဆိုပြီးလေ ။ သူသူ ငါငါ ရာထူးတိုးရင်တော့ ပျော်တာပေါ့ကွာ ။ ညီလေးလည်း အကိုတို့ခံစားခဲ့ရသလိုပဲ ခံစားနေမယ်ထင်တယ်ကွ။ အခုတောင် ပြုံးဖြီးဖြီးကြီး ဖြစ်နေမယ်ထင်တယ် ။ ညီလေးက တပ်မှာဆိုတော့ တစ်တပ်လုံးကို မုန့်ကျွေးရမယ်ထင်တယ်ကွ ။ တို့ကျောင်း မင်းရဲ့ သူငယ်ချင်းတွေကတော့ ဘာလုပ်မယ်မသိသေးဘူး  ပြင်နေကြတယ်ကွ။ အခုလို အောင်အောင်မြင်မြင်နဲ့ဗိုလ်ကြီးအဖြစ်ကို အဆင့်တိုးတော့မှာမို့ ညီလေးတို့အတွက် ဝမ်းသာနေမိတယ်ကွာ။

ဆက်လက်ဖေါ်ပြပေးပါမည်။
လေးစားစွာဖြင့်။
အကိုကြီး    ကြယ်ဖြူ
ကာ့စ်ခ်ပြည်နယ် နည်းပညာတက္ကသိုလ်။

No comments:

Post a Comment